CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ရက် ၁၀၀ မတိုင်မီကာလ တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကျော်ကို စုစည်းနိုင်မည်ဟု ယူဆကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အခြေအနေကတော့ လွန်ခဲ့တဲ့ ၅ နှစ်ထက်စာရင်တော့ နည်းနည်းညှိလို့ရတဲ့ သဘောရှိပါတယ်။ နောက်ပြီး တော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနေတဲ့ သဘောလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပြိုင်နက်တည်းမှာ အားလုံး အခြေအနေ မတူတဲ့လူတွေကို ခေါ်စုရင်လည်းပဲ ရလဒ်ကောင်း ထွက်မှာ မဟုတ်ဘူး။ ဒါကြောင့် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို အရင် တွေ့ဆုံတယ်၊ ပြီးရင် NCA မထိုးသော်လည်းပဲ အပစ်ရပ်ထားတဲ့ မြောက် ပိုင်း ၃ ဖွဲ့ တွေ့ဆုံမယ်၊ နောက်ပြီးတော့ NCA ထိုးပြီးတော့ ပြန်ထွက်သွားတဲ့ အဖွဲ့တွေကို ဦးစားပေးမယ်၊ ပြန်ခေါ် မယ်။ ပြီးတော့မှ တခြားတခြား အဖွဲ့တွေကို စဉ်းစားတော့မယ့် သဘောရှိပါတယ်။ ဒီလိုနဲ့ တဖြေးဖြေးတော့ ရက် ၁၀၀ မတိုင်မီမှာတော့ ၁၄၊ ၅ ဖွဲ့လောက်တော့ စုစည်းနိုင်မယ်လို့ ယူဆရပါတယ်။ step by step ပဲ သွားမယ်ထင် တယ် ကျနော်ထင်တာတော့။ ဒါကြောင့်သူက ရက် ၁၀၀ မှာက အပြီးအစီးသဘောမျိုး မဟုတ်ပါဘူး။ ရက် ၁၀၀ မှာက အဆက်အသွယ် စယူတဲ့သဘောမျိုးပါ။ လုပ်ငန်းစဉ် စတဲ့သဘောမျိုးပါ။ တဖြေးဖြေး အဆက်အသွယ် ရလာ ရင် ဖြေးဖြေးချင်း ဖြေးဖြေးချင်း တဆင့်ချင်း ဆွေးနွေးသွားမယ့် သဘောမျိုး တွေ့ရပါတယ်” ဟု ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် တက်လာချိန်၌ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက် နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း သတ်မှတ်ထားခြင်း ဖြစ်သည်။

NSPNC နဲ့ UWSA တွေ့ဆုံ ဆွေးနွေးစဉ်

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ငြိမ်းချမ်းရေးရရှိရန်သည် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအပေါ်၌ မူတည်ကာ အနာဂတ်အတွက် ငြိမ်းချမ်းရေး ကို ဆောင်ရွက်ရာတွင် အတားအဆီးမရှိသည့် ပုံစံမျိုးဖြင့် သွားမှသာ ငြိမ်းချမ်းမည်ဖြစ်ကြောင်း ကချင်နိုင်ငံရေး သမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငြိမ်းချမ်းရေးကတော့ ကျနော်တို့ သုံးသပ်သလောက်ကတော့ လွယ်တော့ မလွယ်ဘူးပေါ့။ အဓိက,က တော့ ကာယကံရှင်တွေ စကစ ဗမာစစ်တပ်‌တွေ အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့အနေနဲ့ အကုန်လုံး တာဝန်ယူ ပြီးမှ အကုန်လုံးကို ဖြစ်နိုင်ခြေရှိတဲ့ ဟာတွေနဲ့ အကုန်လုံး ဆွေးနွေးပြီးမှ တာဝန်ယူမှု၊ တာဝန်ခံမှု တကယ်ပဲ ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာ လိုလားတဲ့ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးကို အနာဂတ်အတွက် အတားအဆီးမရှိတဲ့ ငြိမ်းချမ်းရေးပုံစံမျိုးနဲ့ သွားမှပဲ ငြိမ်းချမ်းရေးက ရရှိမယ်လို့ပဲ ကျနော်က ဒီလိုပဲမြင်ပါတယ်။ ငြိမ်းချမ်းရေးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့လိုပြီ၊ လိုအပ်တယ်ပေါ့။ ဒါကို ရဖို့ဆိုရင်လည်း အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုတယ်။ ငြိမ်းချမ်းရေးပြီးမှ ဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန် လေးစားလိုက်နာမှု၊ ဒီမိုကရေစီ ဖက် ဒရယ်နိုင်ငံ တည်ဆောက်မှု၊ စေ့စပ်မှုတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း အကုန်လုံးက ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ကတော့ အကုန်လုံး သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးပေါ်မှာပဲ မူတည်ပါတယ်ဆိုတဲ့ဟာကို ကျနော် ပြောလိုပါတယ်” ဟု ပြောသည်။

NSPNC ကိုယ်စားလှယ်များကို တွေ့ရစဉ်

လက်ရှိတွင် NSPNC သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ ရှမ်းနီအမျိုး သားများတပ်မတော် (SNUC/SNA) တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၀ ရက်နေ့တွင် NCA လက်မှတ်ထိုးထားသည့် 7 EAO Alliance တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် လည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့်လည်းကောင်း၊ ဇွန်လ ၁၈ ရက်၌ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဇူလိုင် ၂ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP) နှင့်လည်းကောင်း၊ ဇူလိုင် ၆ ရက်က ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)နှင့်လည်းကောင်း ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့သည်။

အလားတူ မြောက်ပိုင်းအဖွဲ့များအား လာမည့် ဩဂုတ်လ၌ နေပြည်တော်သို့ လာရောက်၍ ငြိမ်းချမ်းရေး ဆွေးနွေး ရန် ဖိတ်ခေါ်ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် NSPNC သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့တို့နှင့်လည်း တွေ့ဆုံသွားရန် ရှိ ကြောင်း သိရသည်။