CNI International News

ဘေဂျင်း၊ ဇူလိုင် ၇

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းသည် ဇူလိုင် ၆ ရက်က ပစိဖိတ်သမုဒ္ဒရာအတွင်း ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

လေ့ကျင့်ရေးထိပ်ဖူး တပ်ဆင်ထားသည့် ဒုံးကျည်ကို ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၀၁ မိနစ်တွင် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ပြောကြားခဲ့သည်။

ယခုဒုံးကျည်ပစ်ခတ်မှုသည် PLA ၏ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုအတွက် ပုံမှန်အစီအစဉ် တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် ပစ်မှတ်ကိုမှ ရည်ရွယ်ခြင်း မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်ရေငုပ်သင်္ဘောကို တွေ့ရစဉ်

ယခုစမ်းသပ်မှုသည် တရုတ်နိုင်ငံ အနေဖြင့် ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြုလုပ်ခဲ့ သည့် ရေငုပ်သင်္ဘော အခြေပြု ဒုံးကျည်စမ်းသပ်မှုဖြစ်ပြီး၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းပေါ်မှ ပစ်ခတ်ခဲ့သည့် ပထမဆုံး စမ်းသပ်မှုလည်းဖြစ်သည်။

ဂျပန်နှင့် ဩစတြေးလျ အစိုးရတို့ကမူ တရုတ်သည် ယခုဒုံးကျည် ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ကြိုတင် အကြောင်း ကြားစာ ပေးပို့ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် (Penny Wong) ကမူ ယခုကဲ့သို့ ဒုံးကျည် ပစ်ခတ်မှုသည် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာ (Winston Peters) ကလည်း တရုတ်၏ ဒုံးကျည်စမ်းသပ်မှုကို အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Source: South China Morning Post