CNI International News

ဝါရှင်တန်၊ ဧပြီ ၂

ဗင်နီဇွဲလားနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ ရှိလာရမည်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်။

သို့သော် ထိုအခြေအနေသို့ ရောက်ရှိရန်အတွက် စိတ်ရှည်သည်းခံမှုရှိရန် လိုအပ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောဆိုခဲ့သည်။

“နောက်ဆုံးမှာတော့ အကူးအပြောင်းကာလ တစ်ခုရှိလာရမှာပါ။ ဗင်နီဇွဲလားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိလာရပါမယ်။ အဲဒီအချက်ကိုတော့ မဖြစ်မနေ ရောက်ရှိရပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ စိတ်ရှည်ဖို့လိုပေမယ့် ပေါ့ပေါ့ဆဆ နေလို့တော့ မဖြစ်ပါဘူး”ဟု ရူဘီယိုက Fox News Channel  နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမိန့်ဖြင့် အမေရိကန်စစ်တပ် သည် ဗင်နီဇွဲလားနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro)အား ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တွေ့ရစဉ်

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကမူ အဆိုပါ စီးနင်းတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအချိန်က အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်သွားမည်ဟု ထရမ့်က ပြောခဲ့ဖူးသည်။

ထို့နောက် ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) သည် ယာယီသမ္မတအဖြစ် လွှဲပြောင်း ရယူခဲ့ပြီး ယခုအခါ အမေရိကန်၏ ကြီးကြပ်မှုအောက်တွင် ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်လျက်ရှိသည်။

ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်၏ လုပ်ဆောင်ချက်များ အပြီးတွင် ကျူးဘားနိုင်ငံအပေါ် အလားတူ အရေးယူ ဆောင်ရွက်ရန်နှင့် ၎င်း၏ ခေါင်းဆောင်ပိုင်းကို ဖိအားပေးရန် ထရမ့်က ပြောကြားခဲ့သည်။

ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်

ကျူးဘားနိုင်ငံ အနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပြီး၊ ကျူးဘားနှင့် ပတ်သက်သည့် သတင်းအချက်အလက် အသစ်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

“ကျူးဘားနိုင်ငံအတွက် အချက်နှစ်ချက် လိုအပ်နေတယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါတွေကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေပါပဲ။ သူတို့ရဲ့ အစိုးရအုပ်ချုပ်ပုံစနစ်ကို မပြောင်းလဲဘူးဆိုရင် သူတို့ရဲ့ စီးပွားရေးကိုလည်း ပြုပြင်လို့ရမှာ မဟုတ်ပါဘူး” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

ဇန်နဝါရီလ အစောပိုင်းတွင် မာဒူရိုကို ရာထူးမှ ဖယ်ရှားပြီးနောက် အမေရိကန်သည် ဗင်နီဇွဲလားမှ ကျူးဘားသို့ ရေနံတင်ပို့မှုများကို ဖြတ်တောက်ခဲ့သည်။

 ထို့ပြင် ကျူးဘားသို့ ရေနံစိမ်း ပေးပို့သည့် အခြားမည်သည့် နိုင်ငံကိုမဆို ပြင်းထန်သော သွင်းကုန်ခွန်များ ကောက်ခံသွားမည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

Source: ရိုက်တာ