CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံကို လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုမှုအား ရင်ဆိုင်ဖြေရှင်းရန် ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေ ခြင်းက မြန်မာ့တပ်မတော်အား နိုင်ငံတကာမှ လက်ခံအသိအမှတ်ပြုခြင်းလား မေးခွန်းထုတ်လျက်ရှိနေသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂါလီအရေးကိစ္စ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်ကို သမ္မတရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က လျှောက်လဲချက် တင်မည်ဖြစ်သည်။ 

ICJ တရားရုံးကြားနားပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် လျှောက်လဲမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အနေဖြင့် တပ်မတော်ကို တရားခံဖြစ်နိုင်ခြေ၊ သံသယရှိသောကြောင့် ခေါ်ယူ စစ်ဆေးခြင်းသာဖြစ်ကြောင်း၊ သံသယရှိသူ တရားခံအနေဖြင့် ခေါ်ယူစစ်ဆေးခြင်းကို အသိအမှတ်ပြုသည်ဟု ပြောဆိုခြင်းက လွဲချော်နေသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

၎င်းက “တပ်ကို အသိအမှတ်ပြုလို့ ခေါ်တာမဟုတ်ဘူးဗျ။ တရားခံ ဖြစ်နိုင်ခြေရှိလို့ ကျူးလွန်တဲ့သူဖြစ်လို့ သံသယ ရှိလို့ ခေါ်စစ်တာ။ အဲဒီဟာကို မခွဲနိုင်ဘူး ဖြစ်နေတယ်ဗျ လူတွေက။ နိုင်ငံရေးအရ အသိအမှတ်ပြုလို့ ခေါ်တာ မဟုတ်ဘူး။ သံသယရှိလို့ ခေါ်နေတာ သံသယရှိလို့ ခေါ်နေတဲ့ဟာကို ကျနော့်ကိုလည်း သံသယရှိပါဆိုပြီးတော့ NUG က ဝင်ပြောသလို ဖြစ်နေတယ်။ အခုက အမှုကို ခဲယဥ်းတယ်။ နိုင်ငံရေးပွဲလည်း မဟုတ်ဘူး။ ကုလသမဂ္ဂ ပွဲလည်း မဟုတ်ဘူး။ နိုင်ငံရေးပွဲ မဟုတ်ပဲနဲ့ ဒီအမှုအခင်းဖြစ်လို့ သံသယရှိတဲ့ တရားခံကို ခေါ်စစ်တဲ့ဟာကို ကျနော့် လည်း စစ်ပါလို့ ပြောသလို ဖြစ်နေတယ်၊ NUG က ဘုမသိဘမသိနဲ့။ နည်းနည်းလေး‌တော့ မှားနေတယ်။ ဒါကြောင့် သံသယရှိလို့ ခေါ်စစ်တဲ့နေရာမှာ သံသယရှိတဲ့ လူတွေက  ဒီကိစ္စမှာ ဒေါ်စုပြောသလိုပေါ့ Genocide Intention မရှိ တာကို သွားဖြေဖျောက်ရတာကို။ Genocide Intention မရှိရင် Genocide မဖြစ်ဘူးပေါ့ဗျာ။ သံသယရှိသူ တရားခံ အနေနဲ့ ခေါ်စစ်တဲ့ဟာကို အသိအမှတ် ပြုတယ်လို့ ပြောတာက လွဲနေတယ်ထင်တယ်ဗျ။ အသိအမှတ် ပြုတယ်ဆို တာ ကုလသမဂ္ဂက ခေါ်ရင် ဟုတ်တာပေါ့။ လုံခြုံရေးကောင်စီက ခေါ်ရင်တော့ ဟုတ်တာပေါ့။ အာဆီယံက ခေါ်ရင် တော့ ဟုတ်‌တာပေါ့။ အခု အာဆီယံက မခေါ်ဘူး။ ကုလသမဂ္ဂကလည်း မခေါ်ဘူး။ လုံခြုံရေးကောင်စီကလည်း အထူး မဖိတ်ကြားဘူး။ အဲတာဆိုရင်တော့ နိုင်ငံရေးအရ မဟုတ်ဘူး အမှုခင်းအရ ဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ပတ် တော့ ချနိုင်မယ့်ပုံ မပေါ်ဘူးလို့ ကျနော် ယူဆတယ်” ဟု ပြောသည်။ 

ICJ အမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရခိုင် ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အာဆာ (ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့သော လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြစ်သည်။

ထိုစွပ်စွဲချက်ကို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ICJ တရားရုံးမှာ တရားစွဲဆိုခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံမှ ပြန်လည် ဖြေရှင်းနေရခြင်းဖြစ်သည်။

ဦးကိုကိုလှိုင် ICJ မှာလျှောက်လဲချက် တင်နေစဉ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေဖြင့် မြန်မာနိုင်ငံအပေါ် အစပိုင်းကတည်းက ရည်ရွယ်ချက်ရှိရှိ လုပ်ထား ခြင်း ဖြစ်သည့်အတွက် မည်ကဲ့သို့ အမိန့်ချမလဲ ဆိုသည်ကို ကြိုတင်ပြီး သုံးသပ်၍ ရနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒါကတော့ သူ့ဟာနဲ့သူ ပြောနေတဲ့ ကိစ္စပေါ့နော်။ သူကတော့ တရားဝင်ဖြစ်တယ်၊ ကျနော်ကတော့ တရား ဝင် ဖြစ်တယ်ဆိုတာ ဒါပေမယ့် တကယ့် တကယ်တမ်း ရှင်းတော့ရှင်းတာပေါ့။ ဒီဟာတွေက စကားထဲ ထည့်ပြော စရာတော့ မလိုပါဘူး။ လက်တွေ့မှာကိုက တွေ့ရပြီးသားပဲ။ ကျနော်ကတော့ သိပ်တော့မထင်ဘူး။ ဒီဟာကတော့ နဂိုတည်းက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဖြေက ဘာထွက်မလဲဆိုတာ သိပြီး သားပေါ့။ ဒါပေမယ့် လုပ်စရာရှိတာကို လုပ်တယ်လောက်ပဲ မြင်ပါတယ်။ သူတို့ဘက်ကလည်း ဒီလိုပဲ အမိန့်က တော့ ဘာအမိန့် ချမလဲဆိုတာတောင် ကျနော်တို့က ကြိုသိပြီးသားလို့တောင် ပြောလို့ရပြီ။ ဒါပေမယ့်လည်း ဒီ ဘက်ကတော့ ကိုယ်ပြောစရာရှိတာ ပြောတယ်ဆိုတဲ့ အနေအထားမျိုးတော့ လုပ်တဲ့သဘောရှိမှာပေါ့လေ။ အပြစ် ရှိတယ်ပေါ့ ဒါပဲနေမှာပေါ့  ဒါဖြစ်ချင်လို့ ဒါလုပ်တဲ့ကိစ္စပဲလေ မြင်နေရတာပဲ။ ဒီအပေါ်မှာ မဟုတ်ပါဘူး မဖြစ်ပါဘူး ပြောလည်း ကျနော်မြင်တာတော့ ဒီလိုပဲလာပါလိမ့်မယ်ထင်တယ်။ မြန်မာနိုင်ငံက မှန်တဲ့အတွက်၊ ဂမ်ဘီယာက မဟုတ်ဘူး သူ့ဟာသူ လျှောက် ဟိုဟာဖြစ်တဲ့ ပုံစံမျိုး ဖြစ်လာဖို့ကတော့ တကယ့်ကို မလွယ်လောက်ဘူး ထင်တာ ပဲ” ဟု ပြောသည်။ 

ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ICJ မှာ မြန်မာနိုင်ငံ ကိုယ်စား လျှောက်လဲခဲ့သေးသည်။