ဘန်ဂျူ၊ ဒီဇင်ဘာ ၂၉
ဒီဇင်ဘာ ၄ ရက်၌ ကျင်းပပြီးစီးခဲ့သည့် သမ္မတရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန်အတွက် အဓိက အတိုက်အခံ ပါတီ၏ စိန်ခေါ်သည့်ပန်ကြားချက်ကို ဂမ်ဘီယာတရားရုံးချုပ်က ပယ်ချလိုက်ပြီး လက်ရှိသမ္မတ အဒါမာဘာရိုး အနိုင်ရကြောင်း ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။
ရွေးကောက်ပွဲမဲဆွယ်မှုသည် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုတို့ကြောင့် အစွန်းအထင်းရှိခဲ့ကြောင်း ဂမ်ဘီယာအတိုက်အခံ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ၏ အူစိန်အူးဒါဘိုးက ပြောကြားခဲ့သည်။
“UDP ပါတီဟာ အသနားခံပန်ကြားစာတင်သွင်းရန်နှင့် လုံခြုံရေးအတွက် လိုအပ်သည့် ရွေးကောက်ပွဲ လျှောက်လွှာဆိုင်ရာ စည်းမျဉ်းအပိုဒ် ၁၁ ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါတယ်” ဟု တရားသူကြီးချုပ် ဟာဆန် ဘီဂျဲလိုက ဒီဇင်ဘာ ၂၈ ရက်၌ ၎င်း၏စီရင်ချက်တွင် ကြေညာသွားခဲ့သည်။
ဘာရိုးသည် ဒီဇင်ဘာ ၄ ရက် ရွေးကောက်ပွဲတွင် မဲစုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး ဘာရိုး အစိုးရ လက်ထက် ဂမ်ဘီယာဒုတိယသမ္မတဖြစ်ခဲ့သူ ဒါဘိုး(အတိုင်အခံပါတီ)က ၂၈ ရာခိုင်နှုန်းခန့်သာ မဲရခဲ့သည်။
အခြားကိုယ်စားလှယ်လောင်းနှစ်ဦးကလည်း အထောက်အထား မပြဘဲ မဲရုံများတွင် ပြဿနာများရှိခဲ့ပုံကို ထောက်ပြလျက် ၎င်းတို့မဲရလဒ်အသီးသီးကို လက်ခံရန် ငြင်းဆိုခဲ့ကြသည်။
တရားရုံး၏ ယခုဆုံးဖြတ်ချက်ကို ပုဂ္ဂိုလ်ရေးအရ ဆုံးရှုံးမှုအဖြစ် မယူဆခဲ့ကြောင်း၊ အသနားခံပန်ကြားလွှာကို ၎င်းတောင်းဆိုချက်ကြောင့်မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းအရ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အသက် ၇၃ အရွယ်ရှိ ဒါဘိုး(အတိုက်အခံပါတီ)က ဒီဇင်ဘာ ၂၈ ရက်၌ Facebook ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
“ကျနော့်အသနားခံစာက ကုသိုလ်ကံနဲ့မဆိုင်ဘဲ လုပ်ထုံးလုပ်နည်းသက်သက်ကြောင့်ဖြစ်တာမို့ ဘာမှ မဆုံးရှုံး ပါဘူး။ ကျနော်တို့လုပ်ခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီး တိုင်းပြည်အတွက် ဆက်လုပ်သွားပါ့မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အသက် ၅၆ နှစ်ရှိ ဘာရိုး (သို့မဟုတ်) ၎င်း၏အမျိုးသားပြည်သူ့ပါတီမှ ပါတီဝင်များသည် ကျေးလက်နေ ပြည်သူ များကို မဲရရှိရေးအတွက် တံစိုးလက်ဆောင်များ ပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ထံသို့လည်း ထိုးဖောက် စိမ့်ဝင်မှုများရှိခဲ့ကြောင်း အစွပ်စွဲခံထားရသည်။
ထို့ပြင် နိုင်ငံသားမဟုတ်သည့် ပြည်ပမှလာရောက်နေထိုင်သူများ တရားမဝင်မဲပေးခြင်းကိုလည်း အရေးယူ ပေးရန်နှင့် ထိုသို့ မဲပေးမှုများကြောင့် မဲရေတွက်မှု မမှန်မကန်ဖြစ်ခဲ့ရကြောင်း စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည်။
သို့သော် ဒါဘိုး(အတိုက်အခံပါတီ)က ၎င်းကိုယ်တိုင် (သို့မဟုတ်) ၎င်း၏ပါတီအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို ဆက်လက်စိန်ခေါ်နေမည်ဟူ၍ ပြောကြားခဲ့ခြင်းမရှိပေ။ တရားရုံးချုပ်၏ ယခုဆုံးဖြတ်ချက်များသည် အတည် ဖြစ်ပြီး အယူခံဝင်၍ မရပေ။
Source: Aljazeera