CNI International News
ဟောင်ကောင်၊ ဒီဇင်ဘာ ၂၉
သွေးထိုးလှုံ့ဆော်သည့် စာစောင်ထုတ်ဝေရန် ပူးပေါင်းကြံစည်မှုဖြင့် လူ ၆ ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် အွန်လိုင်းမှ ဒီမိုကရေစီလိုလားသော သတင်းများ ဖြန့်ဖြူးရာ ရုံးခန်းတစ်ခန်းအတွင်းသို့ ဒီဇင်ဘာ ၂၉ ရက် (ယနေ့) ဝင်ရောက် စီးနင်းခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ထိုလုပ်ရပ်သည် ဟောင်ကောင်မြို့တော်အတွင်း တရုတ်ပြည်မကြီးနှင့် သဘောထား ကွဲလွဲသူများကို နောက်ဆုံး ဖိနှိပ်ခြင်းဖြစ် သည်။
ယခု အဖမ်းဆီးခံရသူများမှာ ၂၀၂၁ ခုနှစ်အစောပိုင်းက ဒီမိုကရေစီလိုလားသော ပန်းသီးနေ့စဉ်သတင်းစာ (Apple Daily) ရပ်ဆိုင်းပြီးနောက် မြို့တော်ရှိ ဒီမိုကရေစီ လိုလားသူများ၏ သတင်းရပ်ကွက် တစ်ခုဖြစ်သည့် Stand News နှင့် ဆက်စပ်နေ ကြောင်း သိရသည်။
ဝင်ရောက်စီးနင်းမှုတွင် ရဲအင်အား ၂၀၀ ကျော် ပါဝင်ခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောသည်။ ယမန်နှစ်က ပြဋ္ဌာန်းခဲ့ သော အမျိုးသားလုံခြုံရေးဥပဒေနှင့် ငြိစွန်းသည့် သတင်းသမားများကို ထိန်းသိမ်းသွားရန် အာဏာပိုင်များက ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ၆ ဦးကို အင်္ဂလိပ်ကိုလိုနီခေတ် ရာဇဝတ်မှုဆိုင်ရာပုဒ်မဖြင့် ယနေ့(ဒီဇင်ဘာ ၂၉ ရက်) အစောပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ နေအိမ်များကို ရှာဖွေစစ်ဆေးနေကြောင်း ရဲက ဆက်ပြောသည်။
၎င်းတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (အမေရိကန် ဒေါ်လာ ၆၄၀) အထိ ချမှတ်ခံရနိုင်သည်။
ပုံ-ဟောင်ကောင်ရဲများကိုတွေ့ရစဉ်။(AP)
ဟောင်ကောင်ထုတ် South China Morning Post သတင်းစာ၏အဆိုအရ Stand News မှ လက်ရှိ အယ်ဒီတာတစ်ဦးနှင့် အယ်ဒီတာဟောင်း တစ်ဦးတို့အပြင် အဆိုတော်နှင့် တက်ကြွလှုပ်ရှား ဒစ်နီစီဟို၊ လွှတ်တော်အမတ်ဟောင်း မာဂရက်နန် စသည့် မီဒီယာလုပ်ငန်း ဘုတ်အဖွဲ့ဝင်ဟောင်း ၄ ဦးကိုလည်း ရဲက ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ရဲများက အတိအကျ ပြောကြားခြင်း မရှိပေ။
ဒစ်နီစီဟို၏ Facebook Account တွင် ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းက တင်ထားသော ပို့စ်အရ ၎င်းဖမ်းဆီးခံရခြင်းကို အတည်ပြုနိုင်ခဲ့သည်။
သူ(ဒစ်နီစီဟို)၏ကိုယ်စား နီးစပ်သူတစ်ဦး လွှင့်တင်ပေးထားသော နောက်ဆက်တွဲ ပို့စ်များ၌ ၎င်းသည် လတ်တလော အဆင်ပြေ ချောမွေ့စွာရှိနေကြောင်း၊ စိတ်မပူကြရန် မိတ်ဆွေများကို အသိပေးလိုကြောင်း ရေးသားထားသည်။
အဆိုပါ ပို့စ်ကို like and react ပေးသူ ၄၀၀၀(လေးထောင်)နီးပါးနှင့် သဘောထား မှတ်ချက်ပေးထားမှု ၂၇၀၀ နီးပါး ရရှိခဲ့ပြီး အများစုမှာ ၎င်းအပေါ် ထောက်ခံသူများ ဖြစ်ကြသည်။
ပုံ-ဟောင်ကောင်ရဲများက သတင်းသမားကိုဖမ်းသွားစဉ်(AP)
ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ လက်ထောက်အယ်ဒီတာ ရွန်စွန်ချမ်း၏ နေအိမ်သို့ ရဲများရောက်ရှိနေပုံ ဗွီဒီယို ဖိုင် တစ်ခုကို Stand News ၏ Facebook စာမျက်နှာတွင် လွှင့်တင်ထားသည်။
ထို့ပြင် ဟောင်ကောင် သတင်းထောက်များအသင်း (HKJA) ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ရွန်စွန်ချမ်းကို စစ်ဆေးမေးမြန်းရန် အတွက် ရဲက ခေါ်ဆောင်သွားကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
နောက်ပိုင်း ရွန်စွန်ချမ်းကို ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏ အီလက်ထရောနစ်ပစ္စည်းများ၊ ဘဏ်ကတ်များနှင့် စာနယ်ဇင်း ကတ်ပြားများကို ရဲများ သိမ်းဆည်းသွားကြောင်း ရွန်စွန်ချမ်းက မီဒီယာများကို အသိပေးပြောကြားခဲ့သည်။
တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တရုတ်လက်အောက်ခံ ဟောင်ကောင်မြို့၌ အာဏာပိုင်များက ၎င်းတို့နှင့် သဘော ထား ကွဲလွဲသူများကို နှိမ်နင်းခဲ့ပြီး ယခုဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
Source: AP