CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)ဒုဥက္ကဋ္ဌဖြစ်သူ ကိုဝေယံဖြိုးမိုးကို အင်းစိန် အကျဉ်းထောင်ရှိ အထူးတရားရုံးက ယနေ့(ဒီဇင်ဘာ ၂၉ ရက်)တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ အမိန့်ချမှတ် လိုက်ကြောင်း နီးစပ် သူများထံမှ သိရသည်။

ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ်၊မတ်လ ၃ ရက်က အထွေထွေသပိတ်ကော်မတီ(GSC)ဦးဆောင်သည့် ဒီမိုကရေစီအရေး တောင်းဆိုသည့် ဆန္ဒပြပွဲသပိတ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းစဉ် ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅ (က)ဖြင့် အမှု ၂ မှု ဖွင့်ခံရပြီး တရားစွဲဆို ခံထားရသည်။

သို့သော် ယနေ့ (ဒီဇင်ဘာ ၂၉ ရက်)တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ အမိန့်ချလိုက်သည့် ပြစ်ဒဏ်မှာ မတ်လ ၃ ရက် က ဆန္ဒပြခဲ့ခြင်းကြောင့် တရားစွဲဆိုခံထားရသည့် ဖြစ်စဉ်မဟုတ်သေးပဲ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က ရခိုင်ပြည်နယ်မှာ 4G အင်တာနက် အပြည့်အဝ ပြန်လည်ရရှိရေး စတေကာ ကမ်ပိန်းလုပ်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံထားရသည့် ပုဒ်မ ၁၉ နှင့် ပုဒ်မ ၅၀၅ (ခ)တို့၏ အမှုကို ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း နီးစပ်သူများ ထံမှ သိရသည်။

ထို့ကြောင့် ကိုဝေယံဖြိုးမိုးသည် မတ်လ ၃ ရက်က ဆန္ဒပြခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသော အမှု ၂ မှုကို ဆက်လက် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။