CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြည့်ရန် ကြေညာထားသော် လည်း ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးနေခြင်းကြောင့် Online ကနေ ကြည့်နိုင်အောင် လုပ်ဆောင်ပေးသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ဒုတိယပတ်ထိ သက်ဆိုင်ရာ မြို့နယ်များရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှာ ကြေညာပေးထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ပြည်သူလူထုသည် မဲစာရင်း သွားရောက် ကြည့်ရှုမှု အလွန်နည်းပါးလျက်ရှိနေခြင်းကြောင့် အွန်လိုင်းက နေ မဲစာရင်းကို ကြည့်နိုင်ရန်အတွက် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးသင့်ကြောင်း ထောက်ပြနေကြသည်။
မဲစာရင်းကြည့်ရာတွင် သက်ဆိုင်ရာမြို့နယ် မဲရုံများတွင် သွားကြည့်နိုင်ကြောင်း၊ မကြည့်လျှင် online ကနေ ကြည့်၍ရအောင် လုပ်ပေးဆိုသည့် နည်းလမ်းရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
လာမယ့် ရွေးကောက်ပွဲ မဲပေးရမယ့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို ရှင်းပြနေစဉ်
၎င်းက “တကယ်ကတော့ online က ကြည့်လို့ရအောင်တော့ သူတို့လုပ်ပေးသင့်တာပေါ့။ ဒါပေမယ့် လောလော ဆယ်မှာတော့ သက်မှတ်ထားတာက သက်ဆိုင်ရာမြို့နယ် ၄၀ မှာ ကိုယ်တိုင် သွားကြီးကြပ် ပြည်သူကိုကွာ ဟို အလုပ်ပေးသလို ဖြစ်တာပေါ့။ တကယ်တော့ online ကနေ လုပ်ပေးလို့ရရင်တော့ ပိုအဆင်ပြေတာပေါ့ လုပ်ပေး သင့်ပါတယ်။ အဓိက online ပဲရှိတာလေ။ အလွယ်တကူကတော့ ခုနကပြောသလို သက်ဆိုင်ရာမြို့နယ် မဲရုံတွေ မှာ သွားကြည့်ရင်ကြည့် မကြည့်ရင် online က ကြည့်လို့ရအောင် လုပ်ပေး၊ ဒီနှစ်နည်းပဲ ရှိတာဆိုတော့ အဖြေက တခြား ရှိမှမရှိတာ အခုရွေးကောက်ပွဲက အရေးကြီးတယ်။ ဒီရွေးကောက်ပွဲမှာ မဲပေးဖို့လိုတယ်။ မဲပေးဖို့အတွက် ဆိုရင် ကိုယ်ရဲ့ မဲစာရင်းက ဘယ်မှာပါလဲဆိုတာကို ပြည်သူကို အသိပညာပေးရမှာ နိုင်ငံရေးပါတီတွေက တာဝန် တော်ရှိတယ်။ အဲနိုင်ငံရေးပါတီတွေ အဓိက လုပ်ရမှာပေါ့။ နိုင်ငံတော်အစိုးရက တစ်ဖက်ကလုပ်တာ မှန်ပေ မယ့် နိုင်ငံရေးပါတီတွေက အဲလိုမဲပေးနိုင်အောင်ပေါ့၊ မဲပေးဖို့ လိုတယ်ဆိုတာ သိအောင်နော် ဆိုလိုတာ လူတစ်ယောက်က ကိုယ့်မှာ လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ အဲဆန္ဒအတွက် သူကကြိုးစား အားထုတ်တယ်။ အဲတော့ သူတကယ် မဲပေးချင်လာပြီးဆိုရင် မဲပေးဖို့ ကြိုးစားအားထုတ်တော့မှာလေ။ အဓိက,က လူတွေ မဲပေးချင်လာအောင် လုပ်ရမှာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး မဲပေးစနစ် အနေဖြင့် ယခင် ရွေးကောက်ပွဲများကဲ့သို့ စာရွက်နှင့်မပေးရတော့ပဲ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကနေ ပေးရမည်ဖြစ်သည်။
ထို့ကြောင့် မဲစာရင်း ကြည့်နိုင်ရေးနှင့် မဲပေးနိုင်ရေးကိုလည်း Online စနစ်ကနေ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမှ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးပါတီများကလည်း ထောက်ပြလျက်ရှိသည်။
မဲစာရင်း အလွယ်တကူ ကြည့်ရှုနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း/ကော်မရှင်တို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်လျှင် ပိုမြန်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
မဲစာရင်း ကြည့်နေကြသူများကို တွေ့ရစဉ်
၎င်းက “အဲဒီလို ဖြစ်လာတဲ့ ဖြစ်တည်မှုပေါ်မှာ ပြင်ရမယ်၊ အစားထိုးရမယ် မဲစာရင်း မပါရင် ပါအောင် လုပ်ရမယ်ဆို တဲ့ ပုံစံ ၃ တို့၊ ပုံစံ ၄ တို့ ဒီနည်းစနစ်တွေလည်း ပေးထားပြီးသားဖြစ်တယ်။ ဒီတစ်ခါကြတော့ ချမှတ်ထားတဲ့ ပုံစံ တွေရှိသလို ပိုပြီးတော့ မြန်လာအောင်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း ကော်မရှင်တို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်ဆောင်မယ် ဆိုလို့ရှိရင်လည်းပဲ မြန်နိုင်တယ်ပေါ့။ အခု UEC ကလည်းပဲ မီဒီယာပေါင်းစုံနဲ့ ကြေညာပေးနေ တယ်။ မဲစာရင်းတွေ သွားကြည့်ကြဖို့ ရွေးကောက်ပွဲကိုလည်းပဲ အောင်မြင်စွာ ဆောင်ရွက်ကြဖို့ နောက်ဆုံး တယ်လီဖုန်းကနေ မက်ဆေ့စ်တွေ ပို့ပြီး ဆောင်ရွက်နေကြတာ ကျနော်တို့ တွေ့ရတယ်။ သက်ဆိုင်ရာ နိုင်ငံရေး ပါတီ များကလည်းပဲ နိုင်ငံရေးပါတီများ အနေနဲ့ရော ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေကရော ဒီကိစ္စကို ထည်ထည်ဝင်ဝင်နဲ့ ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် ပိုမိုပြီးတော့ အောင်မြင်လာလိမ့်မယ်”ဟု ပြောသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်က မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်ရှိပြီး မဲပေးသူ ၂၂ သန်းကျော် ရှိကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်ရှိကြောင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း သိရသည်။
လာမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မည်မျှ ရှိကြောင်းကို မသိရသေးပေ။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ မြို့နယ် ၁၀၀ မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လက် ကျင်းပ မည်ဖြစ်သည်။