၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

အချိုးကျကိုယ်စားပြုစနစ်(PR)ကို လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးရန် နိုင်ငံရေးပါတီ (၆၂)ပါတီမှ အခြေခံအားဖြင့် သဘောတူခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးသင့်သည့် ပုံစံနှင့် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်ခြင်းများကို နိုင်ငံရေးပါတီများအား စာတမ်းပြုစုထားရှိပြီး ဒီဇင်ဘာ  ၂၄ မှ ၂၆ ရက်အထိ ဆွေးနွေးခဲ့ကြသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတိုက်ရေးပါတီ (LNDP)မှ ဒုဥက္ကဋ္ဌ(၁) ဦးလီပေါ်ရဲ့က “အဓိက‌တော့ ကျနော်တို့ လာမယ့် Election (ရွေးကောက်ပွဲ) တွေမှာတော့ PR စနစ်ကို ကျင့်သုံးဖို့အတွက် ကျနော်တို့ နိုင်ငံရေးပါတီ အစုအဖွဲ့ (၄)ဖွဲ့စလုံးက သဘောထား ဆန္ဒက တညီတညွတ်တည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့ (၆၂) ပါတီကတော့ အဲလိုသဘော ထား ဆန္ဒပြုထားတာ ရှိတာပေါ့။ UEC က ဘယ်လိုဆုံးဖြတ်မလဲတော့ မပြောတတ်ဘူး” ဟု CNI သို့ ပြောသည်။

လာမည့် ရွေးကောက်ပွဲများတွင် PR စနစ် ထည့်သွင်း ကျင်းသုံးရန် နိုင်ငံရေးပါတီ (၆၂) ပါတီမှ သဘောထားရှိသော်လည်း UEC အနေဖြင့် မည်ကဲ့သို့ ဆုံးဖြတ်ချက်ချမည်ကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

PR စနစ်သည့် ရှုပ်ထွေးသည့် ရွေးကောက်ပွဲစနစ် တစ်ခုဖြစ်ပြီး မိမိတို့ ပါတီအနေဖြင့် လေ့လာနေဆဲဖြစ်ကာ လုံခြုံရေး အနေ အထားကြောင့် ထိုဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီ ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း UEC နဲ့ နိုင်ငံရေးပါတီများ PR စနစ်ကျင့်သုံးနိုင်ရေးဆွေးနွေးနေစဉ်။

၎င်းက “အားလုံးက ‌ထောက်ခံတယ်ဆိုတာ သတင်းတွေအရ ကျနော်တို့ သိရတယ်။ သို့သော်လည်းပဲ တကယ့်တကယ် အကောင်အထည် ဖော်လာတဲ့အခါ အင်မတန် ပင်ပန်းနေပြီဖြစ်တဲ့ ဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အင်မတန် လိုအပ်နေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကျေးဇူးကို အမှန်တကယ် ဖော်နိုင်ရင်ကောင်းတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ပြီးပြီ ဒုံးရင်းဒုံးရင်းပဲ ဆို‌တော့ ဒါပြည်သူတွေအတွက် မသင့်တော်ဘူး။ အကျိုးမရှိဘူးလို့ ကျ‌နော်တို့ မြင်ပါတယ်ခင်ဗျ”ဟု CNI သို့ ပြောသည်။

UEC အနေနှင့် မည်သည့် ရွေးကောက်ပွဲစနစ် ကျင့်သုံးစေကာမှု ရခိုင်ပြည်နယ်နှင့် ရခိုင်အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးရေး အတွက် မိမိတို့ပါတီအနေဖြင့် ဝင်ရောက်ယှည်ပြိုင်သွားမည်ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

PR စနစ်ကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီများ၏ သဘောထားနှင့် မိမိတို့ကော်မတီ၏ သဘောထား အနီးစပ်ဆုံးဖြစ်ကြောင်း UEC ဥက္ကဋ္ဌက ပြောသွားခဲ့သည်ဟု ဉီးလီပေါရဲ့က CNI သို့ ပြန်ပြောသည်။

PR စနစ် အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်းပြီး UEC မှ နိုင်ငံရေးပါတီများကို ဖိတ် ခေါ်၍ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပါအဝင် နိုင်ငံရေးပါတီ ၆၂ ပါတီ တက်ရောက်ကြောင်း သိရသည်။

လက်ရှိ PR စနစ်ကျင့်သုံးသည့် နိုင်ငံများမှာ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ အိုင်ယာလန်၊ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ထိုင်း၊ဆွစ်ဇာလန် စသည့် နိုင်ငံများ ဖြစ် ကြောင်း သိရသည်။