၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

မွန်အမျိုးသားနေ့ကျင်းပရေးနှင့် မွန်တိုင်းရင်းသားရေးရာကိစ္စများဆောင်ရွက်ရန် နိုင်ငံတော်မှ နှစ်စဉ် ငွေကျပ် သိန်း ၁၀၀၀ ထောက်ပံ့ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် သိန်း ၅၀၀ သာ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ယင်းထောက်ပံ့ငွေ သိန်း ၅၀၀ ထဲမှ ကျပ်သိန်း ၂၀၀ ကို တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များတွင် ကျင်းပခဲ့သည့် မွန် အမျိုးသားနေ့အခမ်းအနားအတွက် ကုန်ကျငွေသည် သိန်း ၁၀၀၀ အထက်တွင်ရှိသည့်အတွက် လက်ရှိ လျာထား သည့် ငွေကျပ်သိန်း ၂၀၀ သည် လုံလောက်မှု မရှိခြင်းကြောင့် အကျဉ်းချုံးသာ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်ရာဇာက CNI သတင်းဌာနသို့ ပြောသည်။

“အခု ပြည်နယ်ခန်းမက ကျနော်တို့ အတည်တကျ မဖြစ်သေးလို့။ တကယ်လို့ ဒီ သိန်း ၂၀၀ နဲ့တော့ ဘယ်လိုမှ လောက်မှာ မဟုတ်ဘူး။ မလောက်နိုင်ဘူး။ နောက်တခုက ကျနော်တို့ မွန်လုပ်ငန်းရှင်ကနေ ကျနော်တို့ အလှူခံဖို့ လည်း ဒီနှစ်က သူတို့လည်း စီးပွားရေးက အကြပ်အတည်းလည်း ရှိတာကိုး။ ကျနော်တို့အပိုင်းက သက်ညှာရတဲ့ သဘောတော့ ရှိတာပေါ့။ အမှတ်တရပစ္စည်း ထုတ်တာကျတော့လည်း ရန်ပုံငွေက သိပ်ပြီးတော့ မကျန်ဘူးလေ။ အခုက အလှူရှင်ကနေ အလှူခံဖို့ကလည်း အခြေအနေအကြောင်းကြောင်းကြောင့်ပေါ့နော် ဒီမှာလည်း အခက် အခဲတွေ အများကြီးရှိနေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကော်မတီကတော့ ဒီနှစ်တော့ ကျနော်တို့ စိန်ရတု ဆိုပေမယ့် ကျနော်တို့ ဘတ်ဂျက်အနေအထားကြောင့်ပေါ့နော် ကျနော်တို့ အကျဉ်းချုပ်ပြီးတော့ လုပ်ရမယ့် သဘော ရှိတာပေါ့” ဟု ပြောသည်။

ဒါ့အပြင် မွန်တိုင်းရင်းသားရေးရာကိစ္စအတွက် ထောက်ပံ့သည့်ငွေသည် လက်ရှိနိုင်ငံတော်တာဝန်ယူထားသည့် နစကလက်ထက်တွင် ပေးအပ်ခြင်းဖြစ်ပြီး မွန်ကော်မတီအဖွဲ့ဝင်များက လက်ခံသည့်အပေါ် မွန် တိုင်းရင်းသား တချို့က ကန့်ကွက်မှုများလည်းရှိကြောင်း သိရသည်။

ကန့်ကွက်မှုများရှိသော်လည်း ယင်းထောက်ပံ့ငွေသည် နိုင်ငံတော်သို့ ပြည်သူများ ပေးအပ်ထားသည့် အခွန်ငွေ ဖြစ်သည့်အတွက် လက်ခံရန် သဘောတူထားကြောင်း (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်ရာဇာက ဆက်ပြောသည်။

“ကျနော်တို့ကျတော့ ခါတိုင်းနှစ်ကလည်း ယူခဲ့တာပဲလေ။ အခုပေးတဲ့ငွေက ကျနော့်အမြင်ပေါ့နော်။ ကျနော်တို့ ကျင်းပရေးကော်မတီကလည်း သဘောတူထားတာပေါ့နော် ဒီပိုက်ဆံကို ယူရမယ်ပေါ့။ တကယ်တော့ ဒီပိုက်ဆံက ကျနော်တို့ ပြည်သူ ပိုက်ဆံပါပဲ ကျနော်တို့ အဲဒီလို ခံယူတာပေါ့လေ။ ဒါက ပြည်သူကနေ အခွန်ဆောင်ထားလို့ ရထားတဲ့ နိုင်ငံတော် ပိုက်ဆံ၊ နိုင်ငံတော် ဘဏ္ဍာလို့ ဆိုပါတော့နော်။ တိုင်းရင်းသားအတွက်ကျတော့ ဒါကတော့ ကျနော်တို့ ပိုက်ဆံပါပဲလို့ ပြောရင်လည်း ပြောလို့ရတယ်ပေါ့နော်။ ဒါပေမယ့်လို့ အခုကတော့ ပြောကြဆိုကြတာ ပေါ့နော်။ ယူသင့်တဲ့သူနဲ့ မယူရင် ကောင်းမလားဆိုတဲ့ ပုံစံမျိုးပေါ့။ အမြင်တွေက အမျိုးမျိုး ရှိကြတယ်ပေါ့” ဟု ပြောသည်။

ထောက်ပံ့ငွေကျပ်သိန်း ၅၀၀ ထဲမှ မွန်လူငယ်နေ့အတွက် ငွေကျပ်သိန်း ၄၀ ၊ မွန်ယဉ်ကျေးမှုသင်တန်းအတွက် ငွေကျပ်သိန်း ၆၀ ၊ (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့နှင့်မွန်ဒေသလုံးဆိုင်ရာ စာပေယဉ်ကျေးမှုအတွက် ငွေကျပ်သိန်း ၂၀၀ စီ ခွဲဝေ အသုံးပြုသွားရန် စီစဉ်ထာခြင်း ဖြစ်သည်။

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ကျင်းပမည့် မွန်အမျိုးသားနေ့နှင့် ပတ်သက်၍ ၎င်းသည် လူမျိုးရေးဖြစ်သည့် အတွက် မရှုတ်ချသင့်ကြောင်း မွန်တိုင်းရင်းသားတစ်ဦးဖြစ်သူ မင်းထောနိုင်က CNI သို့ ပြောသည်။

“မွန်အမျိုးသားနေ့ကိစ္စကျတော့လေ ကျနော်တို့ မွန်အမျိုးသားအနေနဲ့ ဒါကလေ နိုင်ငံရေးသဘောမျိုး မဟုတ်ဘူး။ မွန်အမျိုးသားနေ့က နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ကျင်းပနေဆဲပါ ဒီကနေ့အထိပါပဲ။ တခြားတိုင်းရင်းသား တခြား လူမျိုးတွေကလည်း သူတို့အမျိုးသားနေ့ သူတို့နေ့ထူးနေ့မြတ် ကျင်းပမှာပဲလေ။ သူတို့အမျိုးသားနေ့ သူတို့ ကျင်းပတာတော့ တခြားအဖွဲ့အစည်း တစ်ခုခုက မပုတ်ခတ်ဖို့၊ မရှုတ်ချဖို့ လိုတာပေါ့။ ဒါက သူတို့ရဲ့ လူမျိုးအရေး လို့ ခေါ်တာပေါ့နော်။ နိုင်ငံအရေးထဲကို မဆွဲထည့်နဲ့လို့ ဖြည့်စွက်ပြောချင်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ထောက်ပံ့ငွေသည် မွန်ပြည်နယ်အတွင်းရှိ မွန် ၊ ဗမာ ၊ ကရင် ၊ ပအိုဝ်း တိုင်းရင်းသားရေးရာ ကိစ္စများ ဆောင်ရွက်ဖို့အတွက် အစိုးရ၏ နှစ်စဥ်ထောက်ပံ့ပေးနေသည့် ရန်ပုံငွေဖြစ်သည်။