ကရာကတ်၊ ဒီဇင်ဘာ ၂၇
အရှေ့အလယ်ပိုင်းရှိ အီရန်နှင့် သဘောတူညီချက်များ အပြီးသတ်ရန်အတွက် အီရန်နိုင်ငံသို့ မကြာမီ သွားရောက်မည် ဖြစ် ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြသည်။
အမေရိကန်ပိတ်ဆို့ အရေးယူမှုများ ရှိနေစဉ်အတွင်း အီရန်သည် ဗင်နီဇွဲလားနဲ့မဟာမိတ်ဖြစ်လာခဲ့သည်။ ဗင်နီဇွဲလားနှင့် အီရန်တို့သည် ယမန်နှစ်ကတည်းက ၎င်းတို့နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာလာခဲ့သည်။
မာဒူရိုအစိုးရသည် ၎င်း၏ ရေနံလုပ်ငန်းအတွက် အရေးပါသော စက်ကိရိယာများကို အီရန်ထံမှ လက်ခံရှိထားသလို အပြန် အလှန်အားဖြင့် တောင်အမေရိက၊ ဗင်နီဇွဲလားထံမှ ရေနံစိမ်းနှင့် အခြား သယံဇာတ ရင်းမြစ်များကို အီရန်က ရရှိခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ်တွင် အီရန်သည် ဗင်နီဇွဲလား ရေနံထုတ်လုပ်ရေးအတွက် အရေးပါသူ ဖြစ်လာခဲ့သည်။
“သမ္မတ အီဘရာဟမ်ရိုင်စီက ကျနော့်ကို ဖိတ်ခေါ်လာတဲ့ ခရီးစဉ်အတွက် တီဟီရန်ကို မကြာခင် သွားပါတော့မယ်။ ဒါကြောင့် ကျနော်တို့ လူချင်းတွေ့ပြီး ပြောဆိုဆွေးနွေးမှုတွေ၊ သဘောတူညီချက်အသစ်တွေ လက်မှတ်ထိုးဖို့၊ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ အရှိန်မြှင့်တင်ဖို့ ရှိပါတယ်” ဟု အစိုးရပိုင် ရုပ်သံလိုင်းတွင် သတင်းတင်ဆက်သူ အယ်လ်မာယာဒင်းနှင့် အင်တာဗျူး၌ သမ္မတမာဒူရိုက ပြောကြားခဲ့သည်။
ပုံ- ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ အီရန်ခေါင်းဆောင်ကိုတွေ့ရစဉ်။(News China)
အီရန်သမ္မတနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးမှု နှစ်ကြိမ်ရှိခဲ့ကြောင်း မာဒူရိုက ပြောကြားခဲ့သော်လည်း အသေးစိတ် အချက် အလက်များကို မရှင်းပြခဲ့ဘဲ အစီအစဉ်သစ်များ လုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်းသာ အသိပေးခဲ့သည်။ ခရီးစဉ် ရက်စွဲကို အတိအကျ မကြေညာသော်လည်း နှစ်နိုင်ငံ အဆောတလျင် စီစဉ်နေကြောင်း မာဒူရိုက ဆက်လက် ပြောကြားခဲ့ သည်။
လာမည့် ၂၀၂၂ ခုနှစ်တွင် ဗင်နီဇွဲလားသည် အာရပ်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများကို ပြန်လည် အသက် သွင်း ကြိုးပမ်းမည်ဖြစ်ကြောင်း မာဒူရိုက ပြောကြားခဲ့သည်။
“အာရပ်ကမ္ဘာမှာ ကျနော်တို့ကို သူတို့က လိုလားပါတယ်။ အာရပ်အစိုးရတွေနဲ့ ပြည်သူတွေ ဗင်နီဇွဲလားကို ချစ်ကြည် ရင်းနှီး တယ်ဆိုတာ ကျနော် သိပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်ကတည်းက အမေရိကန် ပိတ်ဆို့အရေးယူမှု တင်းကြပ်လာခြင်းကြောင့် ဗင်နီဇွဲလားနိုင်ငံ၏ လောင်စာဆီ ကုန်ကြမ်းနှင့် တင်သွင်းရောင်းချမှု ထိခိုက်ခဲ့ရပြီး နိုင်ငံတစ်ဝန်း ဓာတ်ဆီ၊ ဒီဇယ်ဆီများ ပြတ်လပ်ခဲ့၍ အခြေအနေ ပိုဆိုးလာခဲ့ သည်။
Source: Reuters