ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၇

အစ္စရေးတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တွင် အခြေချနေထိုင်သူဦးရေ နှစ်ဆတိုးဖို့ ဒေါ်လာသန်းပေါင်း များစွာ သုံးစွဲမည့်အစီအစဉ်ကို ဝန်ကြီးချုပ် နာ့ဖ်တာလီဘန်းနက် (Naftali Bennett) က ကြေညာခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။ အဆိုပါနယ်မြေကို လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်က ဆီးရီးယားထံမှ အစ္စရေးသိမ်းပိုက်ထားခဲ့ပြီးနောက် ပိုမိုခိုင်မာစွာ ထိန်းချုပ်နိုင်ရေးကို အစ္စရေးတို့ အစဉ်ကြိုးပမ်းခဲ့ သည်။

၂၀၁၉ ခုနှစ်တွင် အစ္စရေးအချုပ်အခြာအာဏာကို ထရမ့်အစိုးရအသိအမှတ်ပြုခြင်းနှင့် လက်ရှိ ဘိုင်ဒန်အစိုးရ လမ်းညွှန်ချက်တို့ဖြင့် ယခုအစီအစဉ်ကို ဒေသတွင်း၌ ရင်းနှီးမြှုပ်နှံမှုအသစ်အဖြစ် စေ့ဆော်ပေးခဲ့ကြောင်း နာ့ဖ်တာလီဘန်းနက်က ပြောကြားခဲ့သည်။

“အခုအချိန်ဟာ ဂိုလန်ကုန်းမြင့်အတွက် အားထုတ်ရမယ့် အခိုက်အတန့်ပါ” ဟု ဘန်းနက်က ဒီဇင်ဘာ ၂၆ ရက် တွင် ဂိုလန်ကုန်းမြင့်၌ ကျင်းပသည့် ၎င်းအစိုးရအဖွဲ့၏ အထူးအစည်း အဝေးတွင် တိုက်တွန်းခဲ့သည်။

“အခြေချနေထိုင်မှုအတိုင်းအတာကို နှစ်ပေါင်းများစွာ အချိန်ယူပြီး တည်ငြိမ်စေခဲ့တဲ့နောက်မှာ ဒီနေ့ဆိုရင် ကျနော်တို့ရည်မှန်းချက်အတိုင်း ဂိုလန်ကုန်းမြင့်မှာ နှစ်ဆတိုးပြီး နေလို့ရလာပါပြီ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ဂိုလန်ကုန်းမြင့်ကို ဆီးရီးယားတို့လက်မှ အစ္စရေးသိမ်းပိုက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ၎င်းပိုင်နက်များအတွင်းသို့ စုစည်းထည့်သွင်းခဲ့သည်။ ထိုလုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အပြည် ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ဟု ယူဆကြသည်။

ဂိုလန်ကုန်းမြင့်ကို အစ္စရေးတို့သိမ်းပြီးနောက် ယင်းကုန်းမြင့်ပေါ်တွင် ဂျူးအခြေစိုက်နေထိုင်သူ ၂၅,၀၀၀ ခန့်နှင့်အတူ ဒရူဇီလူမျိုးစု ၂၃,၀၀၀ ခန့်လည်း ကျန်ရှိနေခဲ့သည်။

အမေရိကန်သည် အစ္စ‌ရေးအချုပ်အခြာအာဏာကို ပထမဆုံးအသိအမှတ်ပြုသည့်နိုင်ငံဖြစ်သည်။

ဆီးရီးယားစစ်ပွဲဂယက်ကြောင့် အစ္စရေး၏နယ်မြေထိန်းချုပ်မှုကို ၎င်း၏နိုင်ငံတကာမဟာမိတ်များ ပိုမို လက်ခံနိုင် စေခဲ့သော်လည်း အခြားနည်းလမ်းဆိုလျှင် အခြေအနေပိုဆိုးနိုင်ကြောင်း ဘန်းနက်က သုံးသပ်ပြသည်။

မဟာဗျူဟာအရ အရေးကြီးသည့် ထိုနယ်မြေ၌ လက်တွေ့ကျသော ရည်ရွယ်ချက်များအတွက် အစ္စရေးက နှစ်ရှည် လများ အငြင်းပွားနေခဲ့သည်။ အတွေးအခေါ်ချင်း မတူကြသည့် ၈ ပါတီညွန့်ပေါင်းအစိုးရကို ဦးဆောင်နေသူ ဘန်းနက်သည် ၎င်း၏ ဂိုလန်အစီအစဉ် ရှေ့မဆက်နိုင်မီ အစိုးရအဖွဲ့၏ခွင့်ပြုချက်လည်း လိုအပ်မည် ဖြစ်သည်။

ဝန်ကြီးချုပ်၏ ၁၄ နှစ်အရွယ်သမီးဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရသဖြင့် ဝန်ကြီးချုပ်ကို သီးခြားနေထိုင်စေခဲ့သော်လည်း ဂိုလန်အစီအစဉ်ကိစ္စ မဲခွဲဆုံးဖြတ်ကြပြီးနောက် ဒီဇင်ဘာ ၂၆ ရက် အစည်းအဝေးကို ခေတ္တရွှေ့ဆိုင်းခဲ့သည်။

Source: Aljazeera