CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ထော်သလေးရွာအနီးမှာ တပ်မတော်နှင့် KNU ၏ စစ်ရေး လက်အောက်ခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့ကြား ယနေ့(ဒီဇင်ဘာ ၂၇ )နံနက်  ၄ နာရီဝန်းကျင်က စတင်၍ တိုက်ပွဲဖြစ် ပွားနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် အာရှလမ်းမနှင့် နီးကပ်ကြောင်းသိရသည်။

မြဝတီမြို့မှ ဒေသခံ တစ်ဦးက “ဒီနေ့ မနက် ကတည်းက ဖြစ်နေကြတာ။ မဲ့ထော်သလေးဘက်မှာ ဖြစ်နေတာ”ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော နေရာသည် မြဝတီမြို့နှင့် ၅ မိုင်သာ ကွာဝေးကြောင်း၊ မြဝတီမြို့နှင့် ၃ မိုင်ခန့်အကွာရှိ မေတ္တာလင်းမြိုင်ရွာအနီးနှင့် ကျောက်လုံးကြီး အနောက်ဘက်ခြမ်းမှနေ၍ မဲ့ထော်လေး၊ အင်ကြင်းမြိုင်၊ လေးကေ့ကော် ဒေသဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း ကရင်ပြည်နယ် ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ကေအိုင်စီ(KIC)က ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသဘက်မှာ ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ တပ်မတော်နှင့် KNLA ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ထိဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ပြည်တွင်း (မြန်မာနိုင်ငံအတွင်း)နှင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၂၀၀၀၀ ဝန်းကျင်ရှိကြောင်း တိုက်ပွဲရှောင်များ အကူအညီပေးနေသူများက ပြောသည်။