CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအစိုးရများ၊ အသိုင်းအဝိုင်းမှ တပ်မတော်အား ပြင်းထန်သည့် ကန့်သတ်အရေးယူမှု ပြုလုပ်ပေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ တောင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှ ဒေသခံပြည်သူ၊ အမျိုးသမီး၊ ကလေးငယ် များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့မှ ဝန်ထမ်း အပါ အဝင် လူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့်အပေါ်  ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း KNPP မှ ယနေ့ (ဒီဇင်ဘာ ၂၆)တွင် ထုတ်ပြန်ခဲ့သည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက “ဒါက နိုင်ငံရေး ရှု့ထောင့်ကနေ သူတို့ ထုတ်တယ်လို့ပဲ ကျ‌နော်မြင်ပါ တယ်။ စစ်ရေး ရှု့ထောင့်ကနေ ထုတ်တာ မဟုတ်ဘူးပေါ့နော်။ ဒါကတော့ နိုင်ငံတကာဖိအားကို ပိုပြီးတော့မှ ဒီစစ်ကောင်စီရဲ့ ကျူးလွန်မှုအပေါ် နိုင်ငံတကာက စံချိန်စံနှုန်းနဲ့ အညီပေါ့နော်၊ နိုင်ငံတကာလည်း ပိုပြီးမှ ဖိအားပေးအောင် ပိုပြီး‌တော့မှ ဒီကိစ္စ ကို နိုင်ငံရေးအရ နိုင်ငံတကာရဲ့ ဖိအားကို‌ ပိုပြီးစောင့်တဲ့ ထုတ်ပြန်ချက်လို့ပဲ ကျနော်မြင်ပါတယ်။ စစ်ရေးအရတော့ ဒီအပေါ်မှာ ဘာမှ သုံးသပ်လို့ရမယ့် အနေ အထားတော့ မရှိဘူးပေါ့နော်။ ကျနော်က အဲလိုမျိုးပဲ မြင်ပါတယ်” ဟု CNI သို့ ပြောသည်။

ထို့နောက် တပ်မတော် စစ်ကြောင်းတစ်ခုက ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ ပြည်သူများအား ဖမ်းဆီးရိုက်နှက်နေသည်ကို ကြားဝင် ညှိနှိုင်းဆွေးနွေးပေးရန် လာသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဉီး(ကလလတ)မှ တပ်ဖွဲ့ဝင် ၄ ဉီးကိုလည်း လက်ပြန်ကြိုးတုပ်၍ သတ်ဖြတ်ခဲ့ကြောင်း KNPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

KNPP က “ စစ်ကောင်စီအနေဖြင့် စစ်မြေပြင်အတွင်း စောင့်စည်းရမည့် စစ်ဥပဒေများအပြင် လူသားမျိုးနွယ် အညွန့်တုန်း စေ သည့် တမင်အကြံအရွယ်ဖြင့် အတိအလင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ပုံ- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ မီးရှို့ခံထားရသည့် မြင်ကွင်း။

တချို့က လူသားချင်း စာနာထောက်ထားမှုဆိုသည်ကို အကာအကွယ်ယူကာ စစ်ရေးအရ အမြတ်ထုတ်မှုများ ရှိကြောင်း၊ မီးရှို့ သတ်ဖြတ်ခြင်းမှာလည်း အထောက်အထားများ လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

၎င်းက “လူသားချင်း စာနာထောက်ထားမှုဆိုတဲ့ နောက်ပိုင်းမှာပဲ အကာအကွယ်တွေ ယူလာတာ၊ စစ်ရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ ကိစ္စရပ်တွေဆိုရင်‌တော့ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ ဒါမျိုးတွေက ပိုပြီး ရှင်းရှင်းလင်းလင်း သိဖို့လိုအပ်တယ်။ နောက်တစ်ခါ မီးရှို့သတ်တယ်ဆိုတာရော ဘယ်လို အနေအထားလဲ။ တကယ်ရော အထောက်အထားက ဘယ်သူလဲ၊ ဘယ်သူ လုပ်တာလဲဆိုတဲ့ဟာမျိုးက လေ့လာဖို့ လိုသေးတာကိုး။ အဲတော့ တကယ်ကို စစ်မြေပြင် တစ်ခုအနေနဲ့ ဖြစ်သွားပြီဆိုရင် လူသားချင်း စာနာထောက် ထားတာတို့၊ ဘာတို့ဆိုတာက စစ်ပွဲတစ်ပွဲဖြစ်သွားပြီ သေနတ်သံ ဖောက်သွားပြီး ပစ်နေကြတဲ့ အချိန်မှာ အဲတာတွေက နောက်ဆုံးဘက်ကို ရောက်သွားတာပဲလေ။ ဒါမျိုးတော့ ရှိတတ်ပါတယ်” ဟု ပြောသည်။

အဆိုပါ မီးရှို့သတ်ဖြတ်သည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဝန်ကြီးများကို အချက်အလက်များ ပေးပို့ထားသလို၊ နိုင်ငံတကာမှ အဖွဲ့အစည်းများကိုလည်း ပေးပို့သွားမည်ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက် တာ ကိုဗညားက ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်တွင် တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထို တိုက်ပွဲများကြောင့် ‌ဒေသခံ တစ်သိန်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။