CNI International News

ဖနွမ်းပင် ဒီဇင်ဘာ ၂

ကမ္ဘောဒီးယားနိုင်ငံ၏ အာဏာရပါတီသည် ဒီဇင်ဘာ ၂၄ ရက် (ယနေ့) ကျင်းပသည့် ထူးထူးခြားခြား ကွန်ဂရက် အစည်းအဝေး ၌ ဝန်ကြီးချုပ်ဟွန်ဆန်၏ နေရာကို ဆက်ခံမည့်သူကို ရွေးချယ်ရန် စီစဉ်ထားပြီး အသက် ၆၉ နှစ်အရွယ်ရှိ ဟွန်ဆန်က ၎င်း၏ သားအကြီးဆုံးအား ပါတီအကြီးအကဲရာထူးပေးရန် ထောက်ခံလိုက်ခြင်းဖြင့် ရလာဒ်အားလုံးအတွက် အဆုံးအဖြတ်ပေးခဲ့ ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံကို ၃၇ နှစ် နီးပါးကြာမြင့်အောင် အုပ်စိုးခဲ့သူ ဟွန်ဆန်က ၎င်း၏ သားဖြစ်သူနှင့်ပတ်သက်၍ “ဟွန်မာနက် ဟာ ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားခံရသူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ထောက်ခံမှုကို ရရှိပါတယ်” ဟု ဒီဇင်ဘာ ၂ ရက် တွင် တရားဝင် ကြေညာခဲ့သည်။

ဟွန်ဆန်သည် ကမ္ဘာ့သက်တမ်း အရှည်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အဓိက အတိုက်အခံပါတီကို ပိတ်ပင်ခဲ့သည်။ထို့နောက် ၎င်း၏ နိုင်ငံရေး အတိုက်အခံများ၊ အခွင့်အရေး အဖွဲ့များနှင့် သတင်းသမားများကို နှိပ်ကွပ်ခြင်းဖြင့် ကမ္ဘောဒီးယားကို တစ်ပါတီအုပ်စိုးသည့် နိုင်ငံတစ်နိုင်ငံဘဝသို့ ဆိုက်ရောက်အောင် ဖန်တီးခဲ့သည်။

“သူ့အစွမ်းအစကို အပြည့်အဝ ထုတ်ပြနိုင်ဖို့ ဟွန်မာနက်ကို ထောက်ခံပြီး ပညာပေးမှာပါ။ ဖခင်လို သူ မစွမ်းဆောင်နိုင်ရင် တောင် ကျနော့်ဆီက ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက် ကျနော့်ဆီက ရနိုင်ပါတယ်” ဟု ဟွန်ဆန်က သားဖြစ်သူနှင့် ဆက်စပ် လျက် ယမန်နှစ်က ပြောကြားခဲ့ဖူးသည်။

ပုံ-ဝန်ကြီးချုပ်ဟွန်ဆန်၏ သားဖြစ်သူ ဟွန်မာနက်ကိုတွေ့ရစဉ်

“ဒါတောင်မှ ပြည်သူတွေရဲ့ အသံအပေါ်မှာ မူတည်ပါတယ်။ ပထမစိုးရိမ်မိတာ ပါတီအနေနဲ့ သူ့ကို လက်ခံမှာလားဆိုတာရယ်၊ ဒုတိယစိုးရိမ်တာက အထွေထွေရွေးကောက်ပွဲပေါ့” ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

တိုင်းပြည်၏ ထိပ်တန်းနိုင်ငံရေး အခန်းကဏ္ဍသို့ ရောက်ရှိလာသူ အသက် ၄၄ နှစ်ရှိ ဟွန်မာနက်သည် လက်ရှိတွင် အစိုးရရုံး တစ်ရုံးကို တာဝန်ယူထားပြီး နိုင်ငံရေးထက် ယူနီဖောင်းဝတ်သည့် အတွေ့အကြုံများစွာရှိသည်။

၎င်းသည် အမေရိကန်၊ နယူးယောက်ပြည်နယ်ရှိ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ၂၀၁၁ ခုနှစ်၊ အသက် ၃၃ နှစ်အရွယ်တွင် ထိုင်းနှင့် နယ်နိမိတ် အငြင်းပွားမှုအတွင်း စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများကို ကြီးကြပ်ကွပ်ကဲပြီးနောက် စစ်ဘက်ဆိုင်ရာ ရာထူးများ တဟုန်ထိုး တက်လာခဲ့သည်။ သို့နှင့် ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားစစ်တပ်၏ တပ်မှူးအဖြစ် ရာထူးတိုးလာခဲ့ရာ တိုင်းပြည်၏ ဒုတိယအဆင့်မြင့်ဆုံး စစ်ရာထူး ရရှိသွားခဲ့သည်။

၎င်း၏ နိုင်ငံရေး အတွေ့အကြုံသည် လတ်တလော အနေအထားတွင် ပါတီယန္တရားအတွင်း၌သာ အကန့်အသတ်ဖြင့် ရှိသေးသည်။

Source: Aljazeera