CNI International News

ဖနွမ်းပင် ဒီဇင်ဘာ ၂

လာမည့် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် ၎င်း၏ခရီးစဉ်အပေါ် ဝေဖန်မှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ခင်ဗျားတို့ ဆက်ဆံရေးမဖြတ်ဘဲ မိမိကို လာမပြောနှင့်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တုံ့ပြန်ပြောကြားလိုက်သည် ဟု ဖနွမ်းပင်ပို့စ် သတင်းစာ၏ ရေးသားချက်ကို ကိုးကား လျက် thestar.com.my က ရေးသားဖော်ပြသည်။

၎င်းသည် အဆိုပါခရီစဉ်အတွင်း လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းမှု တစ်ရပ် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ယခုလ အစောပိုင်းက ဟွန်ဆန်သည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်သို့ လာမည့် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ သွား ရောက်မည်ဟု ကြေညာခဲ့ပြီး လက်ရှိ မြန်မာ့အကျပ်အတည်းကို အဖြေရှာရန်နှင့် အာဆီယံအဖွဲ့ကြီး ပြန်အားကောင်းစေရန် ရည်မှန်းထားသော်လည်း အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံအတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပေါ်ထွက်လျက်ရှိရာ ဟွန်ဆန်၏ခရီးစဉ်သည် နစကကို အသိအမှတ်ပြုရာ ရောက်ကြောင်း အချို့က ပြောနေကြသည်။

ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့က နစက၏ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် တွေ့ဆုံစဉ်

ဒီဇင်ဘာ ၂၃ ရက်က ကမ္ဘောဒီးယား အကောက်ခွန်နှင့်ယစ်မျိုးဦးစီးဌာန၏ အုပ်ချုပ်ရေး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား သို့ ဟွန်ဆန် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ရာတွင် “နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများကြောင့် ၎င်း၏ လာမည့် ခရီးစဉ်သည် ဧပြီလ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည့် မြန်မာအပေါ် အာဆီယံသဘောတူညီချက် ၅ ရပ်ကို အခြေခံ၍ အဖြေရှာရန် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ဟွန်ဆန်က ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်ရော အာဆီယံဥက္ကဋ္ဌအဖြစ်ပါ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ပြီး “မြန်မာပြည်တွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် အသက်များ ကယ်ဆယ်ရန် အဓိကရည်ရွယ်ချက်များဖြင့် လာရောက် မည်” ဟု ပြောကြားခဲ့သည်။

“ခင်ဗျားတို့နိုင်ငံက မြန်မာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်ပြီးပြီလား။ အဲဒါက ဖြေရမယ့် မေးခွန်းပါ။ ကျနော့်ကို လက်ညှိုး မထိုး ခင် ခင်ဗျားကိုယ်တိုင် ဒီကိစ္စကူညီဖို့ ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ လိုတယ်ဗျ” ဟု ၎င်း၏ ခရီးစဉ်အပေါ် ဝေဖန်သူ (သို့မဟုတ်) ဝေဖန်သည့်နိုင်ငံကို အမည်မဖော်ဘဲ ဟွန်ဆန်က ပြောကြားခဲ့သည်။

“ဒါကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်ဆိုရင် မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ဖြတ်လိုက်ပါ။ မဖြတ်ဘူးဆိုရင် လာကူညီ ဖို့ ကြိုးစားတာကို အပြစ်မတင်ပါနဲ့။ မြန်မာနိုင်ငံနဲ့ သံတမန်ဖြတ်ဖို့က ခင်ဗျားရဲ့အခွင့်အရေးပါပဲ။ ဒါပေမယ့် (မြန်မာနိုင်ငံက) ကမ္ဘောဒီးယားသံရုံးကို အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျနော်တို့ အခွင့်အရေးအတိုင်း ဆက်ဖွင့်ထားဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ဝေဖန်သံများကို တုံ့ပြန်သွားခဲ့သည်။

မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့်ပတ်သက်၍ အာဆီယံပြင်ပ နိုင်ငံများကလည်း မြန်မာနှင့် သံတမန်ဆက်ဆံရေး တရားဝင် ဖြတ်တောက်ထားခြင်း မတွေ့ရသေးသော်လည်း အလားတူ အစီအမံများကို မီဒီယာအသီးသီးနှင့် အခြားသတင်းဌာနများမှ တဆင့် ယာယီအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်များက အယ်ဒီတာ့အာဘော်ကဲ့သို့ ကဏ္ဍများတွင် အဆိုပြု ထားကြသည်။

“အာဆီယံအဖွဲ့ဝင် ၉ ဦးပဲ ရှိတဲ့အတွက် ရှေ့နှစ်ကျရင် အဖွဲ့ဝင် ၁၀ ဦးနဲ့ ပြန်ဖြစ်အောင် အင်တိုက်အားတိုက် ကြိုးစားသွားမှာ ပါ။ အာဆီယံမှာ အဖွဲ့ဝင် ၉ ဦးပဲ ရှိတယ်ဆိုရင် အာဆီယံဟာ ကျန်းမာရေး မညီညွတ်တဲ့ အနေအထား၊ နေမကောင်းတဲ့ အမြင် နဲ့ အားနည်းနေတယ်လို့ ပြောထားပြီးသားပါ” ဟု ဟွန်ဆန်က မှတ်ချက်ချခဲ့သည်။

Source: thestar.com.my