CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၃

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်အစိုးရဝန်ထမ်းများကို နေရာရွှေ့ပြောင်းပေးနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသသည် အန္တရာယ်ရှိ လာနိုင်သဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပေးမည် မဟုတ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်သည် အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းအချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင် နေပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်နေသဖြင့် အရှေ့အလယ်ပိုင်း ဒေသအနှံ့တွင် ဖြန့်ကြက်ချထားသည့် စစ်မှုထမ်းများကိုလည်း လက်ရှိနေရာများမှ ထွက်ခွာခွင့်ပေးလိမ့်မည်ဟု ရိုက်တာက ဇွန်လ ၁၁ ရက်အစောပိုင်း၌ ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် အီရတ် သတင်းရင်းမြစ်များကမူ လုံခြုံရေးအန္တရာယ်များ၏ အခြေအနေကို ပြောကြားခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် ရေနံစျေးနှုန်းသည် ၄ ရာခိုင်နှုန်းကျော် မြင့်တက်သွားဖွယ်ရှိသည်။

ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန် အစိုးရအရာရှိများကိုလည်း မိမိအစီအစဉ်ဖြင့် ထွက်ခွာကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

 အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားအကြံပြုချက် တွင်လည်း “ဒေသတွင်း တင်းမာမှုများ မြင့်တက်နေမှုကြောင့် အရေးတကြီး တာဝန်ထမ်းဆောင်ရန် မလိုအပ်သည့် အမေရိကန်အစိုးရ ဝန်ထမ်းများအနေဖြင့် ထွက်ခွာကြရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်တွင် ညွှန်ကြားအပ်ပါသည်” ဟု ရေးသားထားသည်။

ထရမ့်သည် အီရန်နှင့် နျူကလီးယား သဘောတူညီမှု ရရှိရန် ကြိုးပမ်းနေသော်လည်း မတိုးသာမဆုတ်သာ အခြေအနေတွင် ပိတ်မိနေသလို အစ္စရေးကလည်း အီရန်နျူကလီးယား စက်ရုံများကို တိုက်ခိုက်ရန် ပြင်ဆင်နေ ကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက ပြောကြားခဲ့သည်။

“အန္တရာယ်ရှိလာနိုင်တာကြောင့် သူတို့တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေတာပါ။ ဘာတွေဖြစ်မလဲ စောင့်ကြည့် ရတာပေါ့။ ကျနော်တို့ကတော့ အဲဒီဒေသကထွက်ဖို့ အကြောင်းကြားထားပြီးပါပြီ”ဟု ထရမ့်က သတင်းထောက် များကို ပြောကြားခဲ့သည်။

အီရန်ကာကွယ်ရေးဝန်ကြီး အဇစ် နာစီယာဇာဒါ (Aziz Nasirzadeh) ကလည်း အီရန်သည် တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန် စစ်စခန်းများကို တုန့်ပြန်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ