CNI International News

ဖနွမ်ပင်၊ ဇွန်လ ၁၃

ကမ္ဘောဒီးယားနိုင်ငံ၏ နယ်စပ်ဒေသများအား ကာကွယ်ရန်အတွက် ကမ္ဘောဒီးယားပြည်သူများ အနေဖြင့် စစ်တပ် ကို ထောက်ပံ့ရန် ငွေကြေးလှူဒါန်းကြဖို့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen)က တိုက်တွန်းခဲ့သည်ဟု  The Nation က ဖော်ပြခဲ့သည်။

ထိုင်း၏ ကျူးကျော်မှုအား ဆန့်ကျင်ရန် ရှေရှည်မဟာဗျူဟာ တစ်ခုကို ၎င်းက အလေးထား ပြောကြားခဲ့သည်။

လက်ရှိတွင် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဟွန်ဆန်က ဇွန်လ ၁၁ ရက်တွင် ကမ္ဘောဒီးယားစစ်တပ်အား CTN ဖောင်ဒေးရှင်းမှတဆင့် ငွေကြေးလှူဒါန်းကြရန် Facebook ၌ ရေးသားခဲ့သည်။

CTN ရုပ်သံလိုင်းက ထူထောင်ခဲ့သည့် ထိုဖောင်ဒေးရှင်းသည် စစ်တပ်ကို လှူဒါန်းသော လှုပ်ရှားမှုအား ဦးဆောင် လုပ်ကိုင်လျက်ရှိသည်။

ဟွန်ဆန်က ၎င်း၏ Facebook ပို့စ်တွင် “ကမ္ဘောဒီးယားအတွက် ပေါင်းစည်းကြပါ။ နိုင်ငံ့နယ်စပ်တွေကို ကာကွယ် တဲ့နေရာမှာ CTN ဖောင်ဒေးရှင်းကတဆင့် စစ်တပ်ကို လှူဒါန်းကြပါ”ဟု ရေးသားခဲ့ကာ ၎င်း၏ ဓာတ်ပုံကိုလည်း တင်ခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို တွေ့ရစဉ်

ထို့ပြင် CTN ဖောင်ဒေးရှင်းသည် နိုင်ငံ့နယ်နိမိတ်ကို ကာကွယ်ရာတွင် စစ်တပ်ကို ပံ့ပိုးကူညီရန် ရည်ရွယ်ထား ကြောင်း၊ မိမိ၏ တောင်းဆိုမှုအရ ထိုအစီအစဉ်ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ၎င်း၏ ပို့စ်တွင် ရေးသားခဲ့သည်။

“ဒါက ကျနော်တို့ရဲ့ ခိုင်မာတဲ့ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ပါ။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနဲ့ ဥပဒေ နည်းလမ်းတွေနဲ့အတူ ထိုင်းနိုင်ငံရဲ့ ကျူးကျော်မှုကို တိုက်ဖျက်ဖို့ ရေရှည် မဟာဗျူဟာ လိုအပ်ပါလိမ့်မယ်” ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့ စစ်တပ်သည် အမြဲတမ်း အသင့်ပြင်ထားကြောင်း၊ ယခုပြဿနာသည် အချိန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း နိုင်ငံတကာတရားရုံးမှတဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ကျနော်နဲ့ ကျနော့်ဇနီးဟာ စစ်တပ်ကို ကနဦး အလှူငွေအဖြစ် ရီယယ် သန်း ၃၀၀ (ဘတ် ၂ ဒသမ ၄ သန်း) လှူဒါန်းထားပါတယ်။ ကျနော်တို့စစ်တပ်၊ ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ နယ်မြေတွေကို ထောက်ပံ့ပေးဖို့ ပြည်သူတွေကိုလည်း ကျနော်တိုက်တွန်းပါတယ်” ဟု ဟွန်ဆန်က ရေးသားခဲ့သည်။

Source: The Nation