CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၄
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance က ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အဆိုပြုလာခြင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမဟုတ်ဘဲ ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်ရေးကို မျှော်မှန်းနေသလားဆိုကာ မေးခွန်းထုတ်လျက်ရှိနေသည်။
7 EAO Aillance အနေဖြင့် ၎င်းတို့ပြောသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်ဆိုသော အဓိပ္ပာကို နစကထံ ရှင်းရှင်းလင်းလင်း ချပြသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “အဲဒီ ကတိကဝတ်က ဒါ NCA စာချုပ်မှာလည်းပါပါတယ်။ ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နေတာလို့ သုံးသပ်လို့ရပါတယ်၊ အဲဒီလို တည်ဆောက်ဖို့အတွက် နစကသည် အဆင်သင့်ဖြစ်တယ်၊ တပ်မတော်သည် အဆင်သင့်ဖြစ်တယ်ဆိုတဲ့ ဘက်နဲ့သွားနေတာ ဖြစ်ပါတယ်။ ခုနက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ဆိုတဲ့ဥစ္စာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုနက ဦးတည်ချက်နော်၊ ဟို ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့အတွက် ရည်မှန်းတာလား၊ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီ ဖြေကြားချက်တွေ မရှိလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ဖက်ဒရယ်၊ ဒီမိုကရေစီစနစ်နဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံဖြစ်အောင်သွားဖို့ 7 EAO သည် ရည်မှန်းတာလားဆိုတဲ့ ဥစ္စာ ကို ရှင်းရှင်းလင်းလင်းနဲ့ နစကဘက်ကို အသိပေးဖို့ လိုပါလိမ့်မယ်။ ခုနက ရွေးကောက်ပွဲကြီး တစ်ခုကိုလုပ်မယ် ရွေးကောက်ခံ အစိုးရတစ်ရပ်ကို အခြေခံဥပဒေအရ ပေးထားချက်ဖြစ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ကျင်းပပေးမယ် အာဏအပ်နှင်းပေးမယ်”ဟု ပြောသည်။
7 EAO Aillance အဆိုပြုချက်ကို တွေ့ရစဉ်
7 EAO Aillance သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈-၂၉ ရက်များက အစည်းအဝေး တစ်ရပ်ကျင်းပ၍ အချက် ၅ ချက် ဖော်ဆောင်ရန် နစကကို အဆိုပြုခဲ့သည်။
အဆိုပါ အဆိုပြုချက် ၅ ချက်မှာ (၁) ပဋိပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မရှိဘဲ အပစ်ရပ်ကြေညာရန်၊ (၂) သက်ဆိုင်သူများအကြား ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကတိကဝတ်ပြုရန်၊ (၃) ဖက်ဒရယ်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ (၄) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်၊ (၅) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်တို့ ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်ကလည်း လက်ခံထားပြီဖြစ်၍ ရွေးကောက်ပွဲ ကျင်းပပြီးနောက် လွှတ်တော်ပေါ်လာသည့်အခါမှာ ပြင်ဆင်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲလိုလျှင်လည်း လူထု ဆန္ဒခံယူပွဲလုပ်ကာ ဆောင်ရွက်နိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP )မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၀၈ ဖွဲ့စည်းပုံနဲ့ရွေးကောက်ပွဲသည် ဖက်ဒရယ်၊ ဒီမိုကရေစီသဘောကို ပါတယ်ဆိုရုံလေး ယောင်ယောင် လေးပဲ ပါပြီးတော့မှ တကယ့် အနှစ်သာရတွေ မပြည့်ဝဘူး။ အဲတော့ ဖက်ဒရယ်၊ ဒီမိုကရေစီ နိုင်ငံတစ်ခု သွားချင် တယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ကိုပြင်ရမှာ အဲတော့ လက်ရှိ SAC နဲ့ တပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မယ်ဆိုတာ ပြောတော့ပြောနေပြီးသား သူတို့ကဘက်ကလည်း ပြင်ဆင်ရမဲ့အချက် ပြင်ဆင် ချင်တဲ့ အချက်ကို သူတို့မှာ ဒါပြုစုထားပြီးသားပေါ့နော်၊ သို့သော် ဒါတွေသည် လွှတ်တော်ပေါ်လာမှ လွှတ်တော် လမ်းကြောင်းကနေပြင်မှ အဆင်ပြေမှာပေါ့။ မဟုတ်လို့ရှိရင် တခြားနည်းလမ်းတွေနဲ့ဆို အဆင်ပြေနိုင်ဖို့ မလွယ် ဘူးလေ အဲတော့ ရွေးကောက်ပွဲလုပ် လုပ်ပြီးရင် လွှတ်တော်ပေါ်လာတဲ့ အချိန်ကျမှ ဒါဖက်ဒရယ်ပိုဆန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ပေါ့။ ဒါပြင်ချင်လည်းပြင် ဒါမှမဟုတ် အသစ်မှပြန်ရေးချင်တယ်ဆိုရင်လည်း ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ခံယူပြီးတော့မှ ပြန်ရေးပေါ့”ဟု ပြောသည်။
7 EAO ကိုတွေ့ရစဉ်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု ပြဋ္ဌာန်းထား သည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်ဟု အဆိုပြုလာသည့် 7 EAO Aillance သည် NCA ထိုးထားသော RCSS၊ PNLO၊ NMSP၊ LDU၊ DKBA၊ KNU/KNLA-PC၊ ALP (ယခု ALPR လို့ နာမည် ပြောင်းထား)တို့ဖြစ်သည်။
နစကသည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ကျင်းပသွားမည်ဟု ပြောကြားထားသည်။