မနာဂွါ၊ ဒီဇင်ဘာ ၁၁

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ်ကျွန်းဖြစ်သည့် ထိုင်ဝမ်ကို  တရုတ်က ၎င်း၏ပိုင်နက်အဖြစ် ဆက်လက် ဖိအားပေးနေသည့်အတောအတွင်း နီကာရာဂွါနိုင်ငံကလည်း ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက် လိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုင်ဝမ်နှင့် တရားဝင်သံတမန်မဟာမိတ် ၁၄ နိုင်ငံသာရှိခြင်းလည်း ဖြစ်သည်။

ဗဟိုအမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သော နီကာရာဂွါသည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် အတိုချုံးထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ဘေဂျင်း၏ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” (One China policy) ကို ထည့်သွင်းကိုးကား ရေးသားခဲ့သည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ သူ့ရဲ့ပိုင်နက်အားလုံးကို ကိုယ်စားပြုတဲ့တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ပြီးတော့ ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ရဲ့ခွဲထွက်လို့မရတဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။ နီကာရာဂွါသမ္မတ နိုင်ငံရဲ့အစိုးရဟာ ယနေ့မှာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီးတော့ အဆက်အသွယ် (သို့မဟုတ်) တရားဝင်ဆက်ဆံရေး လုံးဝမရှိတော့ပါဘူး” ဟု အဆိုပါကြေညာချက်တွင် ရေးသားထားသည်။

ယင်းကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဇောင်ဂျွန် (Zhang Jun) က ကြိုဆို ခဲ့သည်။

“ခေတ်နဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ နီကာရာဂွါအစိုးရက မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်တဲ့အတွက် ကျနော်တို့ အင်မတန်မှ ချီးကျူးမိပါတယ်” ဟု ဘေဂျင်း၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံ သဘောတူမှုအပေါ် တွစ်တာလူမှုကွန်ရက်တွင် ဇောင်ဂျွန်က ထုတ်ဖော်ရေးသားခဲ့သည်။

တစ်ချိန်တည်းမှာပဲ နီကာရာဂွါသမ္မတ ဒန်နီရယ်အော်တီဂါ၏ ဆုံးဖြတ်ချက်ကို တုံ့ပြန့်သည့်အနေဖြင့် ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက “အလွန်ဝမ်းနည်းကြောင်း”၊ ထိုင်ဝမ်ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို လျစ်လျူရှု ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုဆုံး ဖြတ်ချက်ကို နီကာရာဂွါ၏ တဖက်သတ်လုပ်ဆောင်ချက်အဖြစ် ရှုမြင်သော်လည်း နီကာရာဂွါနှင့် ဆက်ဆံ ရေးကို မိမိတို့ဘက်မှလည်း ဖြတ်တောက်ထားလိုက်ကြောင်း ထိုင်ဝမ်က ဆက်လက်ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရသည် တရုတ်ပြည်တွင်းစစ်အပြီး ကျွန်းပေါ်သို့ ထွက်ပြေးခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှ ၁၉၇၀ ပြည့်လွန်နှစ်များအထိ ကုလသမဂ္ဂအဝန်းအဝိုင်းတွင် တရုတ်နိုင်ငံကို ကိုယ်စားပြုခဲ့ဖူးသည်။

၂၀၀၀ ပြည့်လွန်နှစ်များ၌ တရုတ်သည် ကာရေဘီယံ၊ တောင်အမေရိကန်နှင့် ပစိဖိတ်ကျွန်းစုများအပြင် ဟိုလီဆီး (Holy See) ကျွန်းစုများရှိ နိုင်ငံငယ်များကို ထိုင်ဝမ်၏ အကြွင်း အကျန်မဟာမိတ်များအဖြစ် ဘေဂျင်းအနေဖြင့် တဖြည်းဖြည်းဖြတ်တောက်ခဲ့သည်။

ကီရီဘတီနှင့် ဆော်လမွန်ကျွန်းစုနိုင်ငံများသည် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် ကွဲကွာသွားခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဆိုင်အင်ဝမ် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ဘေဂျင်း၏ဖိအားပေးမှုများ ပိုမိုအားကောင်းလာခဲ့သည်။

Source: Aljazeera