၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁

ရက္ခိုင့်တပ်တော် (AA)က  ဒရခိုင်ပြည်သူများ စစ်ရေးသတိရှိကြရန် ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည် နယ်အတွင်း တိုက်ပွဲများ တစ်ဖန် ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေကြသည်။

AA နှင့် တပ်မ‌တော်တို့ တိုက်ပွဲမဖြစ်ပွားသည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်သည့်အတွက် တိုက်ပွဲပြန်ဖြစ်လာပါက ပို၍ပြင်းထန် လာနိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက CNI သို့ ပြောသည်။

ဦးဖေသန်းက “ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်နဲ့ကြားမှာ သဘောတူညီချက်ပေါ့။ သဘောတူညီချက် ဆိုတာကလည်း ကတိ ကဝတ်တွေပါတဲ့ သဘောတူညီချက်မျိုး မဟုတ်ပါဘူး။ General Agreement ပေါ့နော်၊ အဲ့လိုမျိုးပုံစံမျိုးနဲ့ နှုတ်ကတိနဲ့ မတိုက် ဖို့ပေါ့နော်။ စစ်ပွဲတွေရပ်စဲထားတာကလည်း တစ်နှစ်ကျော်လာပြီပေါ့။ အဲ့ချိန်ခါမှာ ဒီလိုထုတ်ပြန်မှုတွေက ပြန်ပြီးတော့ စစ်ငွေ့ စစ်သမ်း စစ်ရိပ်တွေပိုပြီးတော့ ဖြစ်ပေါ်လာသလားပေါ့နော်။ အဲ့ဒါမျိုးကို ကျနော်တို့က စိုးရိမ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေကတော့ စစ်တွေပြန်ဖြစ်လာမှာကို စိုးရိမ်ကြတာပေါ့။ ဒီအပေါ်မှာလည်းပဲ ကျနော်တို့ကတော့ မသေချာမရေရာတဲ့ အခြေအနေမျိုးမှာ ဒီလိုတစ်နှစ်ကျော် အပစ်ရပ်စဲထားတဲ့ ကာလမျိုးမှာ ပြန်ပြီးတော့ စစ်ဖြစ်လာမယ်ဆိုရင်တော့ ပိုပြီးတော့ အထိဒုက္ခရောက်လာနိုင်တယ်။ စစ်ပွဲတွေကလည်း ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်”ဟု CNI သို့ ပြောသည်။

စာချုပ်စာတမ်း မပါသည့် ကတိကဝတ် ပြုမှုများသည် ရေရှည်မတည်မြဲသည့်အတွက် ငြိမ်းချမ်းရေးအား ခိုင်မာစေချင်ပါက နိုင်ငံရေး ကတိကဝတ်များ ပါရန်လိုကြောင်း ၎င်းက ဆိုသည်။

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ ဆံတော်ရှင်ဘုရားပွဲသို့ သွားမည့် သူများအနေဖြင့် စစ်ရေးသတိရှိကြရန် AA မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ ဘုရားပွဲတော် ကျင်းပခြင်းအား လမ်းပြုပြင်ရေး၊ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဝင်ရောက်စွက်ဖက် ခြယ်လှယ်နိုင်ခြင်းကြောင့် ပွဲတော်သို့ လာရောက်မည့် ဒေသခံပြည်သူများ စိုးရိမ်မှု၊ မလိုလားမှု၊ ကြောက် လန့်မှု၊ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်များ ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ပုံ-AA တပ်ဖွဲ့၀င်များကိုတွေ့ရစဉ်။ Photo - CNI

ပျက်စီးနေသည့် ဆံတော်ရှင်ဘုရား တောင်တက်လမ်းအား ဘုရားပွဲမတိုင်မီ အပြီးပြုပြင်ရန်ဟုဆိုကာ ဒီဇင်ဘာ ၃ ရက်မှ စတင်၍ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက တောင်တက်လမ်းတစ်လျှောက် နေရာယူထားပြီး တောင်တက်လမ်းအား ပြုပြင် နေကြခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအား အကူအညီပေးနေသည့် သဘာဝနဒီဆရာတော်က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် မဖြစ်ပွားစေရန် နှစ်ဖက်ညှိနှိုင်းသင့်ကြောင်း မိန့်ကြားသည်။

ဆရာတော်က “နှစ်ဖက်ညှိနှိုင်းပြီးတော့ အဖြေရှာရမယ့် ကိစ္စပေါ့နော်။ မြန်မာ့တပ်မတော် ဘက်ကလည်း သူတို့မလုပ်သင့်တာ မလုပ်ဖို့ အရင်စစ်ရေး လှုပ်ရှားနေမှုတွေကို ဆက်မလုပ်ဖို့။ ရက္ခိုင့်တပ်တော်ဘက်ကလည်း အတတ်နိုင်ဆုံး သဘောထားကြီး ပေးဖို့ လိုအပ်တာ‌ပေါ့။ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပြန်စလာလို့ ဒီလိုတင်းမာလာတာ ဖြစ်တယ်။ ဆံတော်ရှင် ဘုရားမှာ တပ်စွဲနေတာ၊ ဘုရားဖူးလာတဲ့သူတွေကို စစ်ဆေးတာတွေကို ရပ်တန်းကရပ်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ တပ်တွေ အပြောင်းအရွှေ့လုပ်နေတဲ့ ကိစ္စတွေကို ပြန်လည်သုံးသပ်ဖို့ မြန်မာ့တပ်မတော်ဘက်က လူကြီးတွေ လုပ်နိုင်ရင်တော့ လက်ရှိ စစ်ရေးတင်းမာမှုတွေဟာ လျှော့ချနိုင်မယ်လို့ ဦးဇင်းတို့မြင်မိတယ်”ဟု မိန့်ကြားသည်။

AA ၏ ထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့များသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ရခိုင်ပြည်နယ် ကျေးရွာအတွင်းသို့ တစ်ရွာဝင် တစ်ရွာထွက်၍ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှု များလာခြင်း၊ တပ်အပြောင်းအရွေ့များ ဆက်တိုက် လုပ်ဆောင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ညအိပ်ခြင်းများ ပြုလုပ်နေကြောင်း ပါရှိသည်။

ကျောက်‌တော်မြို့မှ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ ပြည်သူတွေက ကြားကမြေစာပင် ဖြစ်တာပေါ့။ စိုးရိမ် တာတော့ မှန်တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပဋိပက္ခတစ်ခု ပြီးဖို့အတွက်လေ တိုက်ပွဲက မဖြစ်မနေ ဖြစ်ကိုဖြစ်ရမယ်လို့ မှတ်ထားတာလည်း ရှိတယ်။ တိုက်ပွဲကတော့ မဖြစ်လေကောင်းလေပဲလေ” ဟု CNI သို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA နှင့် တပ်မ‌တော်တို့ ပစ်ခတ်မှု ပြန်လည် ဖြစ်ပေါ်ခဲ့ သေးသည်။

ရခိုင်သတင်းဌာန တစ်ခုဖြစ်သည့် နိရဥ္စရာသတင်းဌာနတွင် ရခိုင်ပြည်နယ် ပေါက်တောမြို့ရှိ ဆံတော်ရှင်ဘုရားတောင်တက် လမ်းရှိ စစ်သားများမှာ လမ်းလုပ်ပြီးလျှင် ပြန်တော့မည်ဟု ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောဆိုကြောင်း ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)မှာ ရေးသားဖော်ပြထားသည်။