နူမယ်ယာ၊ ဒီဇင်ဘာ ၁၁
ပြင်သစ်အုပ်ချုပ်သည့် ပစိဖိတ်သမုဒ္ဒရာထဲမှ နယ်မြေဖြစ်သော နယူးကယ်လီဒိုးနီးယား လွတ်လပ်ရေးအတွက် တတိယအကြိမ် နှင့် နောက်ဆုံးအကြိမ် လူထုဆန္ဒခံယူပွဲကို မနက် ဖြန် ဒီဇင်ဘာ ၁၂ ရက်၌ ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ မဲရုံသွားကြရန် ပြင်ဆင်နေကြကြောင်း အယ်လ်ဂျာဇီးယားတွင် ဖော်ပြထားသည်။
နယူးကယ်လီဒိုးနီးယား လွတ်လပ်ရေးလှုပ်ရှားမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့က ကျင်းပခဲ့သော ပြင်သစ်ထံမှ လွတ်လပ်ရေးဆိုင်ရာ ယခင်ဆန္ဒခံယူပွဲ နှစ်ပွဲတွင် ပိုမိုအရှိန် အဟုန် ကောင်းလာခဲ့သည်။
သို့သော် ယခုလာမည့် နောက်ဆုံးဆန္ဒခံယူပွဲကို သပိတ်မှောက်ရန်အတွက် နယ်မြေအတွင်းရှိ အဓိကပါတီကြီးများ၏ ဆုံးဖြတ် ချက်သည် ဒီဇင်ဘာ ၁၂ ရက် မဲပေးမှုများမတိုင်မီ သဘောထားကွဲလွဲမှု ဖြစ်ပေါ်စေခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားဖော်ပြသည်။
“ဒီမဲပေးမှု အထမြောက်စေဖို့ ကျနော်တို့ရဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပါတီဝင်တွေကို အဟန့်အတားမလုပ်ကြဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ကြောင်း ပြသရာရောက်ပါတယ်” ဟု နယူးကယ်လီဒိုးနီးယား ကာနက်နှင့်ဆိုရှယ်လစ် အမျိုးသားလွတ်မြောက်ရေးတပ်ဦး (FLNKS) မှ ပြောရေးဆိုခွင့်ရှိသူ ဗစ်တာတူတူဂိုရိုက အယ်လ်ဂျာ ဇီးယား သတင်းဌာနသို့ ပြောသည်။
၎င်းသည် လွတ်လပ်ရေး မဟာဗျူဟာကော်မတီဟု ထင်ရှားသည့် ခွဲထွက်ရေး ညွန့်ပေါင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ် သည်။
“ပြင်သစ်က ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တဲ့ ကာနက်လူမျိုးတွေကို သူတို့ပိုင်နက်ထဲမှာ လူနည်းစု ဖြစ်စေဖို့အတွက် သူတို့ကြီးကြပ်မှုအောက်ကနေ ဥရောပနဲ့ပစိဖိတ်ဒေသတို့က လူဦးရေအများအပြား လာအခြေချနေထိုင်ကြဖို့ ဆယ်စုနှစ်နဲ့ချီပြီး လိုလားခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပုံ- ပြင်သစ် ထောက်ခံသူများနှင့် ပြင်သစ်သမ္မတ ကိုတွေ့ရစဉ်။(ABC)
ပြင်သစ်ကိုလိုနီဟောင်းဖြစ်သည့် နယူးကယ်လီဒိုးနီးယားသည် ယခုအခါ တိုးတက်ကောင်းမွန်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ သည့် ပင်လယ်ရပ်ခြား နယ်မြေတစ်ခုအဖြစ် ရပ်တည်နေပြီး ဩစတြေးလျတိုက်၏ အရှေ့ဘက်မှ လေကြောင်းဖြင့် သွားလျှင် ၃ နာရီ ကြာမြင့်ကာ တောင်ပစိဖိတ်ဒေသတွင် တည်ရှိသည်။
ကာနက်ဟု ခေါ်ကြသည့် ဌာနေဒေသခံ ကျွန်းသားများအကြား နိုင်ငံရေးနှင့် လူမှုစီးပွားရေး မကျေလည်မှုကို ဖြေရှင်းရန် ရည်ရွယ်ချက် ပြင်သစ်နှင့်နယ်မြေ ခေါင်းဆောင်များအကြား ၁၉၉၈ နူမယ်ယာသဘောတူညီချက် (1998 Noumea Accord) အရ နယူးကယ်လီဒိုးနီးယား၏ အနာဂတ်နိုင်ငံရေး အခြေအနေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ၃ ပွဲကို ခွင့်ပြုပေးခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်ကို ပိုတက်လာစေခဲ့သည်။
ပြင်သစ်လိုလားကြသူများက ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများတွင် ပွတ်ကာသီကာ အနိုင်ရခဲ့ ကြရာ စုစုပေါင်း ဆန္ဒမဲ၏ ၅၆ ဒသမ ၇ ရာခိုင်နှုန်းကို ပထမအကြိမ်၌လည်းကောင်း၊ ၅၃ ဒသမ ၃ ရာခိုင်နှုန်းကို ဒုတိယ အကြိမ်၌လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။
သို့သော် ပြင်သစ်သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို ရှောင်ရှားရန်အလို့ငှာ ယခုလတွင် နောက်ဆုံး ကျင်းပမည့် လူထုဆန္ဒခံယူပွဲအတွက် ပြင်သစ်အစိုးရ၏ ဆုံးဖြတ်ချက်သည် လွတ်လပ်ရေးလိုလားသည့် နယူးကယ်လီ ဒိုးနီးယား ပါတီများကို ဒေါသထွက်စေခဲ့သည်။
၎င်းတို့က ပစိဖိတ်ကျွန်းနိုင်ငံများ၏ ထောက်ခံမှုဖြင့် လာမည့်နှစ် နှောင်းပိုင်းတွင် မဲပေးနိုင်ရေး တောင်းဆိုနေခဲ့ကြသည်။
ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလများ၌ Covid-19 ကူးစက်ရောဂါကြောင့် ပိတ်ဆို့မှုများ အဆုံးသတ် ခဲ့သော်လည်း ရောဂါကြောင့် သေဆုံးခဲ့သူများအတွက် ကာနက်လူမျိုး အသိုင်းအဝိုင်းအတွင်း ရိုးရာဓလေ့အရ ဝမ်းနည်းခြင်း အခမ်းအနားများ ပြုလုပ်ပေးနိုင်ရေးအတွက်နှင့် ယခုဆန္ဒခံယူပွဲတို့အတွက် ကြိုတင် ပြင်ဆင်နိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်ခဲ့ရကြောင်း လွတ်လပ်ရေး လိုလားသည့် ပါတီများက ပြောကြားခဲ့ကြသည်။
Source: Aljazeera