CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်အတွင်း နှစ်စဉ် ရိုးရာအစဉ်အလာမပျက် ကျင်းပသည့် ပွဲတော်များမှ တစ်ခုဖြစ်သည့် သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲတော်သို့ သွားရောက်မည့်ကိစ္စ ဆင်ခြင်ရန်နှင့် စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် (AA) မှ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)တွင် တိုက်တွန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ ဘုရားပွဲတော် ကျင်းပခြင်းအား လမ်းပြုပြင်ရေး၊ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဝင်ရောက်စွက်ဖက် ခြယ်လှယ်နိုင်ခြင်းကြောင့် ပွဲတော်သို့ လာရောက်မည့် ဒေသခံပြည်သူများ စိုးရိမ်မှု၊ မလိုလားမှု၊ ကြောက် လန့်မှု၊ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်များ ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့များသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ရခိုင်ပြည်နယ် ကျေးရွာအတွင်းသို့ တစ်ရွာဝင် တစ်ရွာ ထွက်၍ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှု များလာခြင်း၊ တပ်အပြောင်းအရွေ့များ ဆက်တိုက် လုပ်ဆောင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ညအိပ်ခြင်းများ ပြုလုပ်နေသည်ဟု AA က ဆိုသည်။

 

AA က “စစ်ကောင်စီမှ ဆံတော်ရှင်ဘုရားပွဲတော် ကျင်းပမည့်ကိစ္စအပေါ် ဝင်ရောက် စွက်ဖက် ခြယ်လှယ်မှုများ ဆက်လက် ပြုလုပ်နေပါက ရခိုင်ပြည်သူများအနေနဲ့ ဘုရားပွဲတော်သို့ လာရောက်ကြမည်ကိစ္စရပ်အား ဆင်ခြင်သုံးသပ်ကြပါရန်၊  လေးစား စွာဖြင့် အကြံပြုအပ်သည့်အပြင် စစ်ရေးသတိရှိကြပါရန်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့နောက် ပြည်သူတို့ လိုအပ်ချက်ဖြစ်သည့် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားသောက်ကုန်များ သယ်ယူပို့ဆောင်မှုများကို ဟန့်တားပိတ်ပင်တားမြစ်ခြင်း၊ ရန်စသည့် အပြုအမှုများကို လုပ်ဆောင်ခြင်းများကြောင့် ပြည်သူများ စားဝတ်နေရေး အကျပ် အတည်း ဖြစ်ပေါ်ရုံမက မိမိတို့နှင့်လည်း စစ်ကောင်စီတပ်အကြား နှစ်ဖက်တင်းမာမှုများ မြင့်တက်နေ၍ အချိန်မရွေး နှစ်ဖက် တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း AA မှ ထုတ်ပြန်ခဲ့သည်။