၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (NCA-S EAO)တို့၏ အနာဂတ် စုဖွဲ့မှုအပေါ် သဘော ထားစုစည်းခြင်း ညှိနှိုင်းဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု PPST ၏ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၆ ရက်)တွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး (၂၂/၂၀၂၁)တွင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောသွား ခဲ့ခြင်းဖြစ်သည်။

နိုင်အောင်မင်းက “NCA-S EAO တို့ရဲ့ အနာဂတ် စုဖွဲ့မှုအပေါ် သဘောထားစုစည်းခြင်းနဲ့ PPST ရဲ့ နိုင်ငံရေး ရပ်တည်ချက် (၇)ချက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ညှိနှိုင်း ဆွေးနွေးသွားဖို့ စီစဉ်ထားရှိပါတယ်”ဟု ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် စတင်ကျင်းပသည့် PPST ၏ အစည်းအဝေး(၂၂/၂၀၂၁)ကို နှစ်ရက်တာ ကျင်းပနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် အခြားကဏ္ဍများ၏ အတက်အကျ ဖြစ်ထွန်းမှုများကို ဆွေးနွေးသုံးသပ်၍ အမြင်သဘောထားများ ချမှတ်သွားရန် ရှိသည်ဟု လည်း PPST ၏ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

၎င်းက “လွန်ခဲ့တဲ့ အစည်းအဝေးမှာ PPST ရဲ့ ဆွေးနွေးညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပေး၍ ၎င်းတို့ရဲ့ တာဝန်များ၊ လုပ်ငန်း ဆောင်တာများကို ချမှတ်ပေးခဲ့ပြီးဖြစ်လို့ ဒီအစည်း အဝေးမှာ ဆွေးနွေးညှိနှိုင်းရေးကော်မတီရဲ့ တစ်လတာအတွင်း ဆောင် ရွက်မှုများအပေါ် ဆန်းစစ်ဆွေးနွေးမှာဖြစ်ပါတယ်။ တခြား Stakeholders များနဲ့ အလွတ်သဘော ဆက် လက်ဆွေးနွေး ညှိ နှိုင်းအမြင်ချင်း ဖလှယ်သွားနိုင်ဖို့ လမ်းညွှန်မှုတွေ ချမှတ်ပေးနိုင်ရေး သဘောထားရယူသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် PPST အစည်းအဝေး(၂၂/၂၀၂၁) ကျင်းပနေစဉ်။(NCA-S EAO)

ထို့နောက် ယခုနှစ်မကုန်မီ ဒီဇင်ဘာ တတိယပတ်လောက်မှာ NCA-S EAO တို့၏ စတုတ္ထအကြိမ် ညီလာခံ(ဒုတိယပိုင်း) ကျင်းပခြင်းကို ပြီးခဲ့သည့် အစည်းအဝေးမှာ သတ်မှတ်လျာထားပြီးဖြစ်သော်လည်း လက်ရှိ အခြေအနေ အရပ်ရပ်အရ ကျင်းပ ရန် အဆင်ပြေနိုင်ခြင်း ရှိ၊ မရှိကိုလည်း သုံးသပ်ဆွေးနွေးသွားရန် ရှိသည်ဟု နိုင်အောင်မင်းက မိန့်ခွန်းမှာ ပြောသွားခဲ့သည်။

အလားတူ ပြည်တွင်း နိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သည်များကို ပြင် ဆင်ထားရမှာဖြစ်ကြောင်း ၎င်းက ဆိုသည်။

PPST ကို NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ပါဝင်ကြသည်။

အဆိုပါ PPST အဖွဲ့ကို စတင်ဖွဲ့စည်းချိန်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ခဲ့သော်လည်း နောက်ပိုင်းနှုတ်ထွက်သွားခြင်းကြောင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ၂၀၁၉ ခုနှစ်၊ မတ်လမှ စတင် ကာ  အဖွဲ့ခေါင်းဆောင်အဖြစ် လွှဲပြောင်းတာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာတော့ ဗိုလ်ချုပ်ကြီး ယွက်စစ် PPST ၏ အဖွဲ့ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်သွား ခြင်းကြောင့် PPST စုဖွဲ့မှုအပေါ် အစည်းအဝေးလုပ်ကာ သုံးသပ်ဆွေးနွေးခြင်းဖြင့် နိုင်အောင်မင်း ခေါင်းဆောင်သည့် PPST ဦးဆောင်မှုအလုပ်အဖွဲ့ကို ဖွဲ့စည်းကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေခြင်း ဖြစ် သည်။