နယူးယောက်၊ ဒီဇင်ဘာ ၃

မြန်မာမှ နစကနှင့် အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်နေရာများကို ကမ္ဘာ့နိုင်ငံများမှ ငြင်းပယ်သည့်အတွက် ကုလသမဂ္ဂ(UN)ကို ၎င်းတို့က ဒီဇင်ဘာ ၂ ရက်တွင် အပြစ်တင်ရှုတ်ချခဲ့ကြကြောင်း ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်က ‌ရေးသားဖော်ပြသည်။

သံတမန်များ အမည်စာရင်း တင်သွင်းခြင်းကို အတည်ပြုရန် တာဝန်ရှိသော ကော်မတီက ဒီဇင်ဘာ ၁ ရက်၌ ဆွေးနွေးညှိနှိုင်းခဲ့ သော်လည်း မြန်မာနှင့်အာဖဂန်နစ္စတန် နှစ်နိုင်ငံစလုံးအတွက် အပြိုင်အဆိုင် တောင်းဆိုမှုများ ရှိနေခြင်းအပေါ် အဆုံးအဖြတ် ပေးရန် ရွှေ့ဆိုင်းလိုက်ကြောင်း UN ရောက် သံတမန်များက ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ အရပ်သားအစိုးရ ဖြုတ်ချခံရမှုနှင့် ဩဂုတ်လ၌ အာဖဂန်နစ္စတန် အစိုးရဟောင်းထံ တာလီဘန်တို့ အာဏာမယူမီအထိ နှစ်နိုင်ငံစလုံးရှိ ယခင်အစိုးရများ ခန့်အပ်ခဲ့သော သံတမန်များကို ယခုရွှေ့ဆိုင်းမှုအရ UN တွင် ဆက် လက် ထားရှိမည်ဖြစ်သည်။

“ဒီဆုံးဖြတ်ချက်ဟာ လက်တွေ့မြေပြင်နဲ့ ကျနော်တို့နိုင်ငံ ဖြစ်တည်မှုကို ထင်ဟပ်မှုမရှိပါဘူး”ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အေအက်ဖ်ပီသို့ ပြောသည်။

“သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံတကာ၊ ပြည်တွင်း ဥပဒေတွေနဲ့အညီ ကိုယ်စားပြုခွင့်ကို ပုံမှန်အတိုင်းပဲ (ကုလသမဂ္ဂကို) ဆက်လက် တင်ပြသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

ပုံ- ဉီးကျော်မိုးထွန်း UN မှာ မိန့်ခွန်းပြောနေစဉ်။

ယခုရွှေ့ဆိုင်းမှုအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရက ခန့်အပ်ထားသော ဦးကျော်မိုးထွန်းကို မြန်မာသံတမန် နေရာတွင် ဆက်လက် ထားရှိသည်။

ဦးကျော်မိုးထွန်းသည် နစကကို ဆန့်ကျင်ရေးခဲ့ပြီး ၎င်း၏ကုလသမဂ္ဂထိုင်ခုံမှနေ၍ ဒီမိုကရေစီအရေး ဆန္ဒပြသူများအပေါ် လက်သုံးချောင်ထောင်ပြကာ အလေးပြုခဲ့ရာ ထိပ်တန်းရောက် သတင်းခေါင်းစီးအဖြစ် မီဒီယာများက ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လက ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို စွဲချက်တင်ခဲ့သည်။ ယင်းဖြစ်စဉ်၌ မြန်မာစစ်တပ်က ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပြီး စစ်မှုထမ်းဟောင်း ဦးအောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန်အဖြစ် အစားထိုးရန် ကမ်းလှမ်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် တာလီဘန်တို့ကလည်း ၎င်းတို့၏ ဒိုဟာမြို့ အခြေစိုက် ပြောရေးဆိုခွင့်ရှိသူဟောင်း ဆာဟီးရှဟန်ကို ကုသမဂ္ဂသံတမန်အသစ်အဖြစ် ယခင်သမ္မတဂါနီ၏ အစိုးရအဖွဲ့ဝင်ဟောင်း ဂူလမ်အီဇက်ကဇိုင်း နေရာ၌ အစားထိုးရန် တောင်းဆိုခဲ့သည်။

ဆာဟီးရှဟန်က ကုလသမဂ္ဂသည် အာဖဂန်ပြည်သူများအတွက် ၎င်းတို့၏ တရားဝင်မှု အခွင့်အရေး (legitimate right) ဆုံးရှုူံး စေခဲ့ကြောင်း သူ၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။

ပုံ-UN လုံခြုံရေး ကောင်စီတွေ့ရစဉ်။(AP)

ဂူလမ်အီဇက်ကဇိုင်းသည် လက်ရှိအနေအထားတွင် ကုလသမဂ္ဂဌာနချုပ်ရှိ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ရုံးခန်းများကို ဆက်လက် သိမ်းပိုက်ထားပြီး မကြာသေးမီက လုံခြုံရေးကောင်စီအစည်းအဝေး၌ တာလီဘန်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။

ပိုဆိုးလာသည့် စီးပွားရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးများနှင့် ရင်ဆိုင်နေရခြင်းကြောင့် တာလီဘန်များသည် ၎င်းတို့အစိုးရသစ်အတွက် နိုင်ငံတကာ အသိအမှတ်ပြုမှုအတွက် ကြိုးပမ်းနေကြသည်။

ဆုံးဖြတ်ချက်များကို အချိန်ဆွဲထားရန် ကုလသမဂ္ဂ အထောက်အထားများကော်မတီအတွင်း “သဘောတူညီမှု” ရှိခဲ့ကြသည် ဟု အမည်မဖော်လိုသူ သံတမန်နှစ်ဦးက အေအက်ဖ်ပီသို့ ရှင်းပြသည်။

“တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ဟာ တူညီတဲ့ အနေအထားတစ်ခုမှာ ရပ်တည်နေပါတယ်” ဟု အဆိုပါသံတမန်နှစ်ဦးအနက်မှ တစ်ဦးက ပြောသည်။

အဖွဲ့ဝင် ၉ ဦးပါဝင်သည့် ယင်းကုလသမဂ္ဂ အထောက်အထားများ ကော်မတီသည် လာမည့်သီတင်းပတ်အတွင်း အထွေထွေ ညီလာခံသို့ အစီရင်ခံစာတစ်စောင် တင်သွင်းရန် စီစဉ်နေကြောင်း အထက်ပါသံတမန်များက ဆက်ပြောသည်။

Source: AFP, Bangkok Post