၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃
ကချင်ပြည်နယ် မြစ်ဆုံရှိ မြစ်ကမ်းနဘေးတွင် လုပ်ငန်းရှင်အချို့ စက်ယန္တရားများဖြင့် ရွှေတူးဖော်နေခြင်းကို KIA အနေဖြင့် တရားဝင် စာထုတ်ကန့်ကွက်ခြင်းမျိုး မရှိသေးကြောင်း KIA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက CNI သို့ ပြောသည်။
ဖားကန့်မြို့နယ်၊ ရွှေကူမြို့နယ်နှင့် အချို့မြို့နယ်များရှိ ရွှေတူးဖော်နေမှုများကို ရပ်တန့်ရန် KIA/KIO ၏ အုပ်ချုပ်ရေး၊ တပ်ရင်း တပ်ဖွဲ့များမှ သတိပေးတားမြစ်နေပြီး လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးကြီး နော်ဘူက “အဲတာနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။ နောက်တစ်ခု ရှိတာကတော့ ကျနော်တို့ KIO ကတော့ သဘာဝအရင်းအမြစ်ပေါ့နော်။ သဘာဝတရားတွေကို ဖျက်ဆီးတာတို့ကတော့ ကျနော်တို့လည်း ကန့်ကွက်ပါတယ်။ ကျနော်တို့ရဲ့ မူဝါဒဖြစ်ပါတယ်။ ကျနော်တို့ရဲ့ Policy လို့ပြောရမှာပေါ့။ ဖိဖိစီးစီး ဖြစ်ဖို့က တော့ ကျနော်တို့ လည်း တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် လက်တွေ့ပိုင်းမှာ မြစ်ဆုံမှာ ရွှေတူးဖော်တဲ့ကိစ္စကို သဘောထား ထုတ်ပြန်ထားတာ ဘာမှ မရှိပါဘူးခင်ဗျ။ တရားဝင် ထုတ်ပြန်ထားတာ မရှိဘူး” ဟု CNI သို့ ပြောသည်။
“မြစ်ဆုံမြစ်ကမ်းနံဘေး ပြန်လည်ပြုပြင် ထိန်းသိမ်းရေးနှင့် သာယာရေး” ဆိုသည့် ခေါင်းစဉ်ဖြင့် စက်ယန္တရားများ အသုံးပြုကာ ရွှေတူးဖော်နေမှုကို တန်ဖဲ ဧရာဝတီမြစ်ဆုံဒေသခံများက ကန့်ကွက်လျက်ရှိနေသည်၊ အဆိုပါ ရွှေတူးဖော်မှုမှာ ခွင့်ပြုချက် ရရှိ ၍ တူးဖော်နေသည်ဟု ပြောသော်လည်း မည်သည့်အဖွဲ့က ခွင့်ပြုချက်ပေး၍ တူးဖော်နေသည်ကို မသိရှိရကြောင်း ဒေသခံ များက ဆိုသည်။
ပုံ-ဗိုလ်မှူးကြီးနော်ဘူကိုတွေ့ရစဉ်။
ထိုသို့ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် မိမိတို့၏ ကျေးရွာပျက်စီးသလို မြစ်ဆုံလည်း ပျောက်ကွယ် သွား နိုင်သလို သဘာဝပတ်ဝန်းကျင်များလည်း ပျက်စီး ဆုံးရှုံးသွားနိုင်ကြောင်း တန်ဖဲဒေသခံဖြစ်သူ ဒေါ်ဂျာ (အမည်လွှဲ)က CNI သို့ ပြောသည်။
၎င်းက “ဒီဟာကို ဆက်လက်ပြီးမှ ဘယ်သူ့ဆီမှာ တာဝန်ရှိသလဲ ကျမတို့လည်း မသိဘူး။ ဒါပေမယ့် တာဝန်ရှိတဲ့ သူတွေပေါ့ နော့်။ တာဝန်ရှိတဲ့သူတွေ ဒါက တိတိကျကျ အရေး ယူပေးဖို့၊ တိတိကျကျ ဒါကို လုံးဝ ရွှေမတူးခိုင်းဖို့ပေါ့။ ဆုံးဖြတ်ချက် တစ်ခု ခုတော့ ချပေးသင့်တယ်လို့ ကျမတို့တော့ ပြောချင်တယ်” ဟု CNI သို့ ပြောသည်။
လက်ရှိ မြစ်ဆုံရွှေတူးဖော်သည့် ကိစ္စသည် အုပ်ချုပ်မှု ပြဿနာနှင့် သက်ဆိုင်ပြီး လတ်တလော မြန်မာနိုင်ငံတွင် ပြည်သူလူထု ယုံကြည်ရသည့် အစိုးရမရှိသည့်အချိန် ဖြစ်နေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ပုံ-ရွှေတူးဖော်နေသည်ကိုတွေ့ရစဉ်။
ဗိုလ်မှူးကြီး နော်ဘူက “အုပ်ချုပ်မှုနဲ့ ဆိုင်မယ်လို့ ကျနော်ထင်ပါတယ်။ အုပ်ချုပ်မှု ဆိုတာကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ခုလောလောဆယ်ကတော့ သိပ်ပြီးတော့မှ ယုံကြည်လောက်တဲ့ ပြည်သူလူထုအားကိုး ယုံကြည်လောက်တဲ့ အစိုးရမရှိတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ KIA/KIO အုပ်ချုပ်တဲ့ နယ်မြေ၊ နောက်စစ်ကောင်စီ အုပ်ချုပ်တဲ့ နယ်မြေ၊ အဲလို ခွဲခြားပြီးမှ ပြန်ကြည့်ရမှာ ထင်ပါတယ်၊ လိုပါတယ်။ ဆိုတော့ ကျနော်တို့ KIA အုပ်ချုပ်တဲ့ နယ်မြေမှာက ခုနပြောသလို ရွှေတူး ဖော်တာ သဘာဝတရားတွေကို ဖျက်ဆီးတာကို ဖိဖိစီးစီး လုပ်နေပါတယ်။ ဒါပေမယ့် စစ်ကောင်စီအုပ်ချုပ်တဲ့ နယ်မြေပိုင်းမှာ ကတော့ ဘယ်သူမှ သိပ်ပြီးတော့ အုပ်ချုပ်တဲ့ အပိုင်းကိုတော့ တော်တော်လေး အားနည်းတယ်လို့ မြင်ရပါတယ်” ဟု CNI သို့ ပြောသည်။
လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်များက ယခုအချိန်အခါကို အခွင့်အရေးယူပြီး ရွှေတူးဖော်မှုများ ပိုလုပ်ဆောင်လာသည်ဟု သုံးသပ်မိကြောင်း ၎င်းက ပြောသည်။
မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုများကြောင့် မြစ်ရေနောက်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ရန် ခက်ခဲလာခြင်းတို့ကြောင့် ရွှေတူးဖော်မှု များ ရပ်တန့်ရန် ဒေသခံများက ကန့်ကွက်ကြရာမှာ ရပ်နားထားခဲ့သော်လည်း လက်ရှိတွင် ရွှေတူးဖော်မှုများ ပြန်လည်လုပ်လာ သည်မှာ နှစ်လခန့်ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။