၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က မိမိအနေဖြင့် မကြာခင်မှာ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်အဖြစ် သွားရောက်ရန် စီစဉ်ထားကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၂ ရက်နေ့က တောင်ပိုင်း Sihanoukville မြို့မှာ ဝန်ကြီးချုပ် ဟွန်ဆန် မိန့်ခွန်းပြောစဉ်မှာ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဂျပန်သတင်းဌာနဖြစ်သည့် NHK က တဆင့် ပြန်လည် ဖော်ပြခဲ့သည်။
ဂျပန်သတင်းဌာန NHK ကလည်း ကမ္ဘောဒီးယားအစိုးရပိုင် မီဒီယာက ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြန်လည် ကိုးကားထားသည်။
ဟွန်ဆန်က “ဦးဝဏ္ဏမောင်လွင်ကို လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့များမှာ ကမ္ဘောဒီးယားကို လာဖို့ ဖိတ်ကြားခဲ့ ပါတယ်။ မြန်မာနိုင်ငံကို မိမိအနေနဲ့လည်း အလည်အပတ်ခရီးစဉ်အနေနဲ့ သွားရောက်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။
ယခု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဆုံးဖြတ်ချက်များသည် ကမ္ဘောဒီးယားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာမည့်နှစ်တွင် မထမ်းဆောင်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပုံ-ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုတွေ့ရစဉ်။(AFP)
ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုပါက ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်၏ နိုင်ငံ တော်အာဏာကို ရယူပြီးနောက် ဖယ်ချဉ်ထားသည့် အာဆီယံနိုင်ငံများထဲမှ ပထမဆုံး လာရောက်မည့် ခေါင်းဆောင် တစ်ဦးဖြစ်မည်။
သို့သော် မည်သည့် ရက်တွင် မြန်မာပြည်ကိုသွားမည်ဆိုသည်ကိုတော့ ဝန်ကြီးချုပ်ဟွန်ဆန်က အတိအကျ ထုတ်ပြောသွား ခြင်းမရှိပေ။
လက်ရှိတွင် အာဆီယံအသိုင်းအဝိုင်းက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ်၊ အောက်တို ဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေးသို့ မဖိတ်ကြားခဲ့ခြင်းဖြစ် ခပ်ခွာခွာ နေလျက်ရှိသည်။
သို့သော် အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံကမူ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သလို ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း မကြာခင်မှာ မြန်မာနိုင်ငံသို့ အလည် အပတ်ခရီးအဖြစ် သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။
ထို့ကြောင့် နစကနှင့် ထိတွေ့ဆက်ဆံရန် အရှိန်မြှင့်ကြိုးပမ်းမှုများသည် အာဆီယံအတွင်း သောင်မတင်ရေမကျ ဖြစ်မှုကို ချေဖျက်ပြီး ပုံမှန်အခြေအနေ ပြန်လည်ရရှိရန် ကူညီပေးလိမ့်မည်ဟု ဟွန်ဆန်က မျှော်လင့်နေပုံရသည် ဟု ဂျပန်သတင်းဌာန NHK က ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် နိုဝင်ဘာလထဲမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံမဟုတ်သော ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၊ အမေရိကန်သံအမတ်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်၊ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်တို့ လာရောက်ခဲ့ကြသည်၊
Source :NHK Japan