ထရီပိုလီ၊ ဒီဇင်ဘာ ၃
ကွယ်လွန်သူ လစ်ဗျားနိုင်ငံ၏အာဏာရှင် မူမာကဒါဖီ၏သားဖြစ်သူ ဆစ်ဖ်ကဒါဖီကို လာမည့် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမှုအပေါ် ယခင်သီတင်းပတ်က ပယ်ချခဲ့သော်လည်း ယခုအခါမှာတော့ ပြန်လည် လက်ခံလိုက်ကြောင်း သိရသည်။
လစ်ဗျားအာဏာပိုင်များက ၎င်း၏ဖခင်လက်ထက် လွန်ခဲ့သည့် ၁၀ နှစ်၌ လူထုအုံကြွမှုအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည် ဟု ပြောကြားခဲ့သည့်အတွက် သမ္မတလောင်း အရည်အချင်း မပြည့်မီကြောင်း သတင်းများဖော်ပြပြီး တစ်ပတ်အကြာတွင် ဝင်ရောက်အရွေးခံနိုင်ရန် ဆာဘေးမြို့ တရားရုံးမှ လက်ခံလိုက်ကြောင်း ၎င်း၏ရှေ့နေက ပြောကြား သည်ဟု အယ်လ်ဂျာဇီး ယားတွင် ဖော်ပြထားသည်။
ဆစ်ဖ်ကဒါဖီ၏ ရှေ့နေ ခါလစ်အယ်လ်ဇေဒီက ဆာဘေးမြို့တရားရုံးမှ မိမိ အမှုသည်၏ အယူခံလွှာကို ဒီဇင်ဘာ ၂ ရက် အစောပိုင်းက လက်ခံခဲ့သဖြင့် သမ္မတ ဝင်အရွေးခံရေးကိစ္စမှာ ပြန်လည် အသက်ဝင်လာခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ သည်။
ဆစ်ဖ်ကဒါဖီကို အရည်အချင်းမပြည့်မီဟု သတ်မှတ်ခဲ့သည့် အချိန်တုန်းကတော့ လစ်ဗျားရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် လောင်းများအနေဖြင့် “ဂုဏ်သိက္ခာကင်းမဲ့သော ရာဇဝတ်မှုများကြောင့် ထောင်ဒဏ်ကျခံဖူးခြင်း မရှိစေရ” နှင့် လက်ခံ နိုင်စရာ ရာဇဝတ်မှုမှတ်တမ်းကို ပူးတွဲတင်ပြရမည်ဟု ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေပါ ပုဒ်မများကို အကိုး အကား ပြုခဲ့ကြသည်။
ပုံ-လစ်ဗျာရွေးကောက်ပွဲကော်မရှင်။(Reuters)
ရွေးကောက်ပွဲ ကျင်းပပုံကျင်းပနည်းနှင့် ယုံကြည်စိတ်ချရမှုတို့အပေါ် အပြင်းအထန် အငြင်းပွားခဲ့ကြလင့်ကစား အနောက်အုပ် စု နိုင်ငံများသည် ကုလသမဂ္ဂဦးဆောင်သော လစ်ဗျားပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လစ်ဗျားနိုင်ငံ၌ ယခုလ (ဒီဇင်ဘာလ)၂၄ ရက်မှစ၍ အားလုံးပါဝင်နိုင်ပြီး ယုံကြည်ရလောက်သော ရွေးကောက်ပွဲ များ ကျင်းပနိုင်ရေး တွန်းအားပေးခဲ့ကြသည်။
လစ်ဗျားနိုင်ငံတွင် ၂၀၁၁ ခုနှစ်က နေတိုးကျောထောက် နောက်ခံဖြင့် “အာရပ်နွေဦး”လူထုအုံကြွမှုအပြီး အာဏာရှင် ကဒါဖီကို ဖြုတ်ချ၍ သတ်ဖြတ်ခဲ့သည့်နောက်ပိုင်း ရေနံသယံ ဇာတ ကြွယ်ဝသော တိုင်းပြည်အပေါ် လှုပ်ခတ်သွားစေခဲ့သော ဆယ်စုနှစ် တစ်ခုကျော် အကြမ်းဖက်မှုများကို မျက်မှောက်ကာလတွင် ကျော်လွှားနိုင်ရန် ကြိုးပမ်းနေသည်။
သားကဒါဖီသည် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့၍ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှ အလိုရှိနေသူဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်တွင် သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သော်လည်း အပယ်ချခံခဲ့ရသည်။
ထို့နောက် သားကဒါဖီက ဆာဘေးမြို့တွင် အယူခံတင်သွင်းခဲ့ပြီး ထိုအယူခံကို စစ်ဆေးကြားနာရန် နာရီပိုင်းအလိုတွင် လစ်ဗျားအာဏာပိုင်များက တားမြစ်ခဲ့ကာ သမ္မတလောင်းအဖြစ် ဝင်အရွေးခံနိုင်ရေး လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Source: Aljazeera