CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)မှ တာဝန်ပေး စေလွတ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးအဖြစ် ဦးလွင်ဦးကို ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က ခန့်အပ်လွှာကို လက်ခံလိုက်ကြောင်း သိရသည်။
နစကမှ စေလွတ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ဒီဇင်ဘာ ၁ ရက်နေ့က ရုရှား နိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ကျင်းပပြုလုပ်ခဲ့သည့် မော်စကိုမြို့ အခြေစိုက် နိုင်ငံခြားသံအမတ်များနှင့် အတူ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ထံသို့ ခန့်အပ်လွှာပေးခဲ့ရာ သမ္မတပူတင်က လက်ခံခဲ့သည်။
ပုံ- ဒီဇင်ဘာ ၁ ရက်နေ့က သံအမတ် ခန့်အပ်လွှာကို ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ထံပေးသည့် အခမ်းအနားမှာ ဉီးလွင်ဉီးကိုတွေ့ရစဉ်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ အပါအဝင် ဆလိုဗက်သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ၊ နိုင်ဂျီးရီးယား ဖက်ဒရယ်သမ္မတနိုင်ငံ၊ ဂီနီသမ္မတနိုင်ငံ၊ ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံ၊ ဂါနာသမ္မတနိုင်ငံ၊ ဩစတြီးယား သမ္မတနိုင်ငံ၊ မော်ရီတေးနီးယား အစ္စလာမ္မစ် သမ္မတနိုင်ငံ၊ တာဂျစ်ကစ္စတန် သမ္မတနိုင်ငံ၊ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ၊ အန်ဂိုလာ သမ္မတနိုင်ငံ၊ အီတလီသမ္မတနိုင်ငံ၊ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဘီနင်သမ္မတနိုင်ငံ၊ အီကွေဒေါသမ္မတ နိုင်ငံ၊ ပနားမားသမ္မတနိုင်ငံ၊ အယ်လ်ဆာဗာဒေါသမ္မတနိုင်ငံ၊ စပိန်ဘုရင့်နိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)မှ ရုရှား နိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ရုရှားသမ္မတထံသို့ ခန့်အပ်လွှာများ အသီးသီး ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်ကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် နစကမှ ခန့်အပ် တာဝန် ပေးအပ်သည့် သံတမန် ၅ ဦးကို ဂျပန်အစိုးရက အသိအမှတ်ပြုလက်ခံခဲ့သေးသည်။