ဘေရွတ်၊ ဒီဇင်ဘာ ၃
ဆော်ဒီအာရေဗျနှင့် အခြားပင်လယ်ကွေ့ အာရပ်နိုင်ငံများအကြား ဖြစ်တောင့်ဖြစ်ခဲ သံတမန်ရေး အကျပ်အတည်းကို ဖြေလျှော့နိုင်ရန်အတွက် လက်ဘနွန်ပြန်ကြားရေးဝန်ကြီးက ဒီဇင်ဘာ ၃ ရက်တွင် ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း အေပီ သတင်းက ဖော်ပြထားသည်။
အဆိုပါ အကျပ်အတည်းသည် လက်ဘနွန်နိုင်ငံ ရင်ဆိုင်နေရသော ဘဏ္ဍာရေးကျဆင်းမှု အပါအဝင် ကြီးမားသည့် စီးပွားရေး ပြဿနာများဖြင့် ပိုမိုဖိစီးနေစေခဲ့သည်။
ယခုသီတင်းပတ် ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်၏ ဆော်ဒီအာရေဗျနိုင်ငံ ခရီးစဉ်မတင်မီ ယခင်က ထင်ရှားသော ရုပ်သံ ဂိမ်း အစီအစဉ်တင်ဆက်ခဲ့သူ လက်ဘနွန်ပြန်ကြားရေးဝန်ကြီး ဂျော့ကော်ဒါဟီ (George Kordahi)က ရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရာထူးမှ နှုတ်ထွက်ခြင်းသည် ဘေရွတ်-ရီယာ့ဒ်ဆက်ဆံရေး ပြန်လည်ထူထောင်ရာတွင် အထောက်အကူပြုပြီး ပြင်သစ် ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှု စတင်ရာတွင်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း လက်ဘနွန်မြို့တော် ဘေရွတ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဂျော့ကိုဒါဟီက ပြောကြားခဲ့သည်။
ပုံ-လက်ဘနွန် ဝန်ကြီး ဂျော့ကိုဒါဟီ သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်။(AP)
ယီမင်နိုင်ငံတွင် ဆော်ဒီအာရေဗျ ဆင်နွှဲနေသော စစ်ပွဲကို ဝေဖန်ထောက်ပြထားသည့် ကိုဒါဟီ၏ ရုပ်သံတင်ဆက်မှုမှ မှတ်ချက် များ ထွက်ပေါ်လာပြီးနောက် ဆော်ဒီနှင့်လက်ဘနွန်တို့အကြား သံတမန်ရေး အကျပ်အတည်း စတင်ခဲ့သည်။ ကိုဒါဟီ၏ သဘောထား မှတ်ချက်များကြောင့် ဆော်ဒီက ၎င်း၏သံအမတ်ကို ဘေရွတ်မြို့မှ ပြန်ခေါ်ခဲ့ပြီး လက်ဘနွန်နိုင်ငံမှ တင်သွင်းမှု အားလုံးကို ပိတ်ပင်ခဲ့ရာ လက်ဘနွန်အတွက် နိုင်ငံခြားငွေသန်းပေါင်း ရာနှင့်ချီ၍ ပြတ်တောက်သွားခဲ့ရပြီး စီးပွားရေး လုပ်ငန်း အရေအတွက် ရာဂဏန်းအထိ ထိခိုက်နစ်နာခဲ့သည်။
ကနဦးတွင် ဝန်ကြီးဂျော့ကိုဒါဟီက အစိုးရအဖွဲ့ရာထူး ခန့်အပ်မှုမတိုင်မီ ပြောကြားမိခဲ့သော မှတ်ချက်များဖြစ်၍ တစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိသဖြင့် ရာထူးမှ နှုတ်ထွက်ရန် ငြင်းဆန်ခဲ့သည်။ထို့ကြောင့် လက်ဘနွန် အကျပ်အတည်းမှာ ပိုမိုရှည်ကြာ စေခဲ့ သည်။
“ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ ကိုယ်ချစ်ခင်ရတဲ့ သူတွေရဲ့ အကျိုးစီးပွားက ကျနော့်အထက်မှာ ရှိပါတယ်။ လက်ဘနွန်နိုင်ငံဟာ ဂျော့ကိုဒါဟီဆိုတဲ့ ကျနော့်ထက် ပိုအရေးကြီးပါတယ်။ အခုနှုတ်ထွက်မှုဟာ ထွက်ပေါက်တစ်ခု (ဒါမှမဟုတ်) တံတိုင်းတစ်ခု အတွင်း ကွာဟချက်တစ်ခု ပွင့်စေဖို့ ကျနော်မျှော်လင့်ပါတယ်” ဟု ဒီဇင်ဘာ ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
ကိုဒါဟီနှင့်ပတ်သက်၍ သံတမန်ရေးရာ အငြင်းပွားမှုသည် လက်ဘနွန်၏ ခေတ်သစ်သမိုင်းတွင် အဆိုးဝါးဆုံး စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံ၏ဘဏ္ဍာရေး အကျပ်အတည်းများနှင့်အတူ အခြား အကျပ်အတည်းများကို ဆက်လက် ရင်ဆိုင်ရခဲ့ရပြီး ဆီးရီးယားဒုက္ခသည် ၁ သန်း အပါအဝင် နိုင်ငံလူဦးရေ ၆ သန်းကျော် လေးပုံသုံးပုံကျော်သည် ဆင်းရဲတွင်းသို့ ကျဆင်းသွားစေခဲ့သည်။
Source: AP