အဘူဒါဘီ၊ ဒီဇင်ဘာ ၄

ပြင်သစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)တို့သည် ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ Rafale တိုက်လေယာဉ် အစင်း ၈၀ နှင့် စစ်သုံးရဟတ်ယာဉ် ၁၂ စင်း အရောင်းအဝယ် သဘောစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း အယ်လ်ဂျာဇီး ယား သတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်သည် ဒီဇင်ဘာ ၃ ရက်၌ ပင်လယ်ကွေ့ဒေသသို့ နှစ်ရက်ကြာ ခရီးစတင်ခဲ့ပြီး Rafale ဂျက်တိုက်လေယာဉ်များကို နိုင်ငံရပ်ခြားတွင် အများဆုံးရောင်းချမှုအနေဖြင့် ယူအေအီးနှင့် သဘောတူညီချက် ရရှိခဲ့သည်။ ၎င်း၏ ပင်လယ်ကွေ့ခရီးအတွင်း ကာတာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကိုလည်း ပြင်သစ်သမ္မတ ဆက်လက် သွားရောက် မည် ဖြစ်သည်။

အီမန်နွယ်မက်ခရွန်နှင့် အဘူဒါဘီ အိမ်ရှေ့စံမင်းသား ရှိတ်မိုဟာမက်ဘင်ဇေယက်အယ်လ်နေယန်တို့သည် ဒူဘိုင်း Expo ၂၀၂၀ ပွဲ၏ပြင်ပ၌ သီးခြားအနေဖြင့် လေယာဉ်ရောင်းချရေး သဘောတူညီချက်ကို လက်မှတ်ရေထိုးခဲ့ပြီးနောက် “ယခုစာချုပ်သည် ယခင်ကထက် ပိုမိုခိုင်မာသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မြဲစေပြီး ဒေသတွင်း တည်ငြိမ်ရေးကို တိုက် ရိုက် အထောက်အကူဖြစ်စေကြောင်း” ပြင်သစ်သမ္မတအနေဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပုံ- ယူအေအီးက ဝယ်တဲ့ Rafale ဂျက်တိုက်လေယာဉ် (AFP)

ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံများအနေဖြင့် အမေရိကန်၏ အာရုံစိုက်မှုအပေါ် မရေမရာဖြစ်နေပြီး ၎င်းတို့၏ လုံခြုံရေး ဆိုင်ရာ အဓိကမဟာမိတ်များထံမှ စစ်လက်နက်များ ထပ်မံရှာဖွေနေစဉ်အတွင်း မက်ခရွန်၏ခရီးစဉ် စတင်ခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံများ အလုံးအရင်းဖြင့် စီးဆင်းလာချိန်၌ ပြင်သစ်ခေါင်းဆောင်က အဘူဒါဘီအိမ်ရှေ့စံမင်းသားနှင့် တိုးတက်ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ ပြင်သစ်နိုင်ငံတွင် အလုပ်အကိုင်ပေါင်း ၇,၀၀၀ ကို တိုက်ရိုက် အထောက်အကူ ပြုမည်ဖြစ်ပြီး ဒက်ဆော့ (Dassault) လေယာဉ် ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်း၏ ထောက်ပံ့မှုကွင်းဆက်ကို ၂၀၃၁ ခုနှစ်အထိ အာမခံ နိုင် မည်ဖြစ်ကြောင်း ပြင်သစ်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂရိ၊ အီဂျစ်နှင့် ခရိုအေးရှား တို့တွင်လည်း ယခုနှစ်အတွင်း သဘောတူညီမှုရခဲ့သည့်အတိုင်း အလားတူ အကောင်အထည်ဖော် ခဲ့သည့် အဆိုပါ ယူအေအီးနှင့်စာချုပ်သည် ပြင်သစ်၏ လစဉ် Rafale ဂျက်တိုက်လေယာဉ် ထုတ်လုပ်မှုကို တိုးမြင့်လာစေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


Rafale ဂျက်တိုက်လေယာဉ်များ၏ ထုတ်လုပ်သူ ဒက်ဆော့လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း SA ၏ ရှယ်ယာများသည် ၉ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

F4 မော်ဒယ် Rafales လေယာဉ်များသည် လက်ရှိ တည်ဆောက် တပ်ဆင်နေဆဲဖြစ်ပြီး ၂၀၂၇ ခုနှစ်ကျမှ စတင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Source: Aljazeera