CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းမရှိဘူးဟု ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နှင့် တအာင်းအမျိုးသားများလွတ်မြောက်ရေးတပ်တပ်မတော်(TNLA)တို့က CNI သို့ ပြောသည်။

KIA/KIO အနေဖြင့် NUCC နှင့် ဆက်သွယ်ပူးပေါင်းမှု မရှိသလို အလုပ်တာဝန်များ ပူးပေါင်းလုပ်ဆောင်ခြင်းလည်း မရှိကြောင်း၊ သို့သော် KIA/KIO မှ ခေါင်းဆောင်တစ်ဉီးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော် ပါဝင်သည့် ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT)နှင့် ဆက်သွယ်ဆောင်ရွက်မှုရှိကြောင်း KIA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက “အဲတာကတော့ ကျနော်ဘာမှ ပြောကြားလို့မရဘူး။ အဲတာကတော့ KPICT နဲ့ အဓိက ဆက်သွယ်တယ်လို့ သိရပါ တယ်။ အဲလိုပဲ ကျနော်သိရပါတယ်။ KIO နဲ့ ဆက်သွယ်ပြီးမှ ပူးပေါင်းတာတွေ၊ အလုပ်တာဝန် ပူးပေါင်းမှု ဆိုတာကတော့ ကျနော်ဘာမှ မကြားမိပါဘူး”ဟု CNI သို့ ပြောသည်။

 

ပုံ-ဗိုလ်ချုပ် ဂွမ်မော် ပါ၀င်တဲ့ KPICT နဲ့ CRPH တို့ အွန်လိုင်းကနေ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၃ ရက်က ဆွေးနွေးနေကြစဉ်။

နိုဝင်ဘာ ၁၆ ရက်က ကျင်းပသည့် NUCC ၏ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် NUCC ၌ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ပါဝင်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီမှ ဦးအောင်ဆန်းမြင့်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မတူညီသည့် ပုံစံတွင် ပါဝင်ကြကြောင်း၊ အချို့မှ တိုက်ရိုက်ပါဝင်ကြ သလို အချို့မှာ ပြည်နယ်ကိုယ်စားပြု အတိုင်ပင်ခံကောင်စီ အနေဖြင့် ပါဝင်ကြကြောင်း ၎င်းက ပြောသည်။

TNLA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့ကတော့ ဒီ NUCC၊ CRPH အဲတာတွေနဲ့ ကျနော်တို့ တရား ဝင် ညှိနှိုင်းမှုတော့ မရှိပါဘူး။ ကျနော်တို့ဆီမှာ အဲလို အဆက်အသွယ်တွေ မရှိဘူး”ဟု CNI သို့ ပြောသည်။

ပုံ- ဗိုလ်ချုပ် ဂွမ်မော်ကိုတွေ့ရစဉ်။

NUCC တွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ မတူညီသည့် ပုံစံဖြင့် ပါဝင်ပြီး လက်ရှိမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်နေကြောင်း၊ အကြမ်းဖျင်းအား ဖြင့် ၈ ဖွဲ့ပါဝင်သည်ဟု ပြောနိုင်ကြောင်း၊ ထိုလက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်များကို ပြောပြရန် မိမိတွင် အခွင့်မရှိ ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

လက်ရှိ NUCC တွင် ဦးမင်းကိုနိုင် (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ပဒိုစောတောနီး (KNU)၊ ဒေါက်တာ လျန် မှုန်းဆာခေါင်း (ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ)၊ ဦးလွင်ကိုလတ် (ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကောင်မတီ)၊ ဦးအောင်ဆန်းမြင့် (ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ) အစရှိသဖြင့် ပါဝင်ကြသည်။