ကီးယက်၊ ဒီဇင်ဘာ ၄
ယူကရိန်းနှင့် ရုရှားတို့အကြား တင်းမာမှုသည် ယခုနှစ်အတွင်း အထွတ်အထိပ်ရောက်ရှိနေပြီး နှစ်နိုင်ငံနယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင်များ တိုးချဲ့ဖြန့်ကြက်ထားခြင်းသတင်းများနှင့်အတူ မော်စကို၏ရည်ရွယ်ချက်များအပေါ် စိုးရိမ်မှု တိုးလာနေသည်။
စစ်ရေးအရ ကျူးကျော်ရန် စီစဉ်ထားခြင်းမတိုင်မီ ရုရှားသည် မိမိတို့နိုင်ငံ မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်း နေသည်ဟု ယူကရိန်းက ပြောဆိုခဲ့သည်။
ယူကရိန်းအပေါ် နောက်ထပ်ရန်လိုသည့်လှုပ်ရှားမှုများ ရပ်တန့်ရန် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အနောက်အုပ်စုနိုင်ငံများက ရုရှားကို အကြိမ်ကြိမ်သတိပေးခဲ့သည်။
လက်နက်နှင့် စစ်ရေးလေ့ကျင့်မှု တိုးမြှင့်ခြင်းအပါအဝင် ယူကရိန်းကို တိုက်ခိုက်မည်ဆိုသော စွပ်စွဲချက်ကို ကရင်မလင်က ငြင်းဆိုခဲ့သည်။ ထို့ပြင် ယူကရိန်းဘက်သို့ နေတိုး၏ပံ့ပိုးကူညီမှုကိုလည်း ကရင်မလင်အနေဖြင့် စောဒကတက်ခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ယူကရိန်းနိုင်ငံအတွင်းနှင့်အနီးတဝိုက် ရုရှားတပ်များ လှုပ်ရှားမှုနှင့် အင်အားစုစည်းမှုတို့သည် သမားရိုးကျမဟုတ်တော့ကြောင်း အမေရိကန်နှင့် နေတိုးတို့က ပြောခဲ့ကြသည်။
ပြီးခဲ့သည့်လက ဂြိုဟ်တုဓာတ်ပုံများတွင် လူမပါဘဲ အလိုအလျောက်ပစ်ခတ်နိုင်သော လက်နက်ကြီးများ၊ တိုက်ပွဲဝင်တင့်ကားများနှင့် ခြေလျင်တိုက်ခိုက်ရေးယာဉ်များအပါအဝင် ရုရှားစစ်သုံးကိရိယာများကို ယူကရိန်း နယ်စပ်မှ ၁၈၆ မိုင်အကွာရှိ လေ့ကျင့်ရေးကွင်းတွင် ရွေ့လျားပြသခဲ့သည်။
ပုံ-ယူကရိန်းသမ္မတ နယ်စပ်က ယူကရိန်းစစ်စခန်းသို့သွားရောက်စဉ်။(AA)
ယူကရိန်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရုရှားတောင်ပိုင်းဒေသတွင် ဆောင်းရာသီစစ်ရေးလေ့ကျင့်မှု ပုံမှန်စတင်နေခြင်းသာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ ကျော်ပါဝင်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက ပြောသည်။
ထိုအတောအတွင်း ယူကရိန်းအရှေ့ပိုင်းနှင့် ရုရှားတို့ နယ်နိမိတ်ချင်း ထိစပ်နေသော ဒွန်ဘက်နယ်မြေဟု ခေါ်ကြ သည့် ဒွန်နက်ဆက်၊ လူဟန်ဆက်စသည့်ဒေသများသည် ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
ယာယီသိမ်းပိုက်ခံရသော နယ်မြေများဟု ယူကရိန်းက ရည်ညွှန်းပြောကြားသော်လည်း ထိုဒေသတွင် ရုရှား တပ်ဖွဲ့ဝင် ရှိနေသည်။ နှစ်နိုင်ငံပဋိပက္ခသည် ရှေ့တန်းစစ်မျက်နှာများ၌ ငါးနှစ်အတွင်း ရွေ့လျားရုံသာ ရှိသေး သော်လည်း အသေးစားခိုက်ရန်ဒေါသနှင့် စနိုက်ပါတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိနေသည်။
ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားသည့်နေရာကို ချေမှုန်းရန်အတွက် အောက်တိုဘာ လတုန်းက ပထမဆုံးအကြိမ်အဖြစ် တူရကီလုပ် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို ယူကရိန်းတပ်ဖွဲ့များက ဖြန့်ကြက်ချထားခဲ့ရာ ရုရှားက ဒေါသထွက်ခဲ့သည်။
ရုရှားသည် ခရိုင်းမီးယားဒေသရှိ ၎င်း၏ကြီးမားသောရေတပ်အခြေစိုက်စခန်းတွင် သောင်းနှင့်ချီသော တပ်ဖွဲ့ ဝင်များ ရှိနေပြီး ထိုဒေသသည် ၂၀၁၄ ခုနှစ်က ရုရှားကျူးကျော်သိမ်းပိုက်ခဲ့သော မူလ ယူကရိန်း ပိုင်နက် နယ်မြေဖြစ်သည်။
Source: CNN