CNI International News

ရီယာ့ဒ်၊ အောက်တိုဘာ ၁၇

လာမည့်လ၌ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမည့် ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံပေါင်း ၂၀ (G-20) အစည်းအဝေးတွင် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လမန်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ တွေ့ဆုံရန် အစီအစဉ် မရှိကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားကြောင်း အယ်လ်ဂျာဇီးယားက ရေးသား ဖော်ပြသည်။

လက်ရှိတွင် ဆော်ဒီနှင့် အမေရိကန်သည် ရေနံထုတ်လုပ်မှု ဖြတ်တောက်ရန် OPEC+ ၏ ဆုံးဖြတ်ချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေသည်။

ရေနံထုတ်လုပ်မှု ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍ ဘိုင်ဒန်သည် ဆော်ဒီအာရေဗျကို မည်သို့တုံ့ပြန်မလဲဆိုသော စဉ်းစား ဆုံးဖြတ်ရာတွင် နည်းလမ်းတကျ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရွေးချယ်မှုများအနက် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ အကူအညီများ အပြောင်းအလဲ ရှိခြင်းလည်း ပါဝင်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

မိုဟာမက်ဘင်ဆယ်လမန်နဲ့ ပူတင်ကိုတွေ့ရစဉ် (GETTY IMAGES)

ဘိုင်ဒန် အဆိုပါအရေးကိစ္စ စဉ်းစားဆုံးဖြတ်နေချိန်တွင် အမေရိကန်-ဆော်ဒီ ဆက်ဆံရေး အပြောင်းအလဲ ရှိမည်တော့ မဟုတ်ကြောင်း ဆူလီဗန်က ဆက်လက် ပြောကြားခဲ့သည်။

“သမ္မတက ယတိပြတ် ဆောင်ရွက်မှာတော့ မဟုတ်ပါဘူး။ နည်းလမ်းတကျနဲ့ ဗျူဟာမြောက် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ပါတီနှစ်ရပ်စလုံးရဲ့ ပါတီဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အချိန်ယူရဦးမယ်။ သူကိုယ်တိုင် ထိုင်ပြီးတော့ ရွေးချယ်စရာရအောင် ကွန်ဂရက်(လွှတ်တော်)ထဲ ပြန်ရောက်လာဖို့ အခွင့်အရေးရလာမှာပါ” ဟု ၎င်းက ရှင်းပြ သည်။

ရေနံထုတ်လုပ်မှု ဖြတ်တောက်ခြင်းအတွက် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ ဆက်ဆံရေးမှာ လက်ရှိ အနေအထား၌ အေးစက်မာကြောနေဆဲ ဖြစ်သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်ကို တွေ့ရစဉ် (Reuters)

ပြီးခဲ့သည့် သီတင်းပတ်၌ ဆော်ဒီ ဦးဆောင်သော OPEC အဖွဲ့နှင့် ရုရှားဦးဆောင်သော အခြား ရေနံထုတ်လုပ်သည့် (၁၀) နိုင်ငံအဖွဲ့တို့သည် လာမည့် နိုဝင်ဘာလမှစ၍ ကမ္ဘာ့ရေနံ ထုတ်လုပ်မှုတွင် နေ့စဉ် စည်ပေါင်း ၂ သန်းအထိ လျှော့ချသွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့ဖြစ်၍ ယူကရိန်းသို့ ရုရှား ကျူးကျော်စစ်နှင့်အတူ လောင်စာဆီဈေး တက်မည့် အလားအလာ များနေသည်။

ယူကရိန်းစစ်ပွဲ၌ ဆော်ဒီသည် ရုရှားနှင့်အတူ ရပ်တည်နေသည်ဟု စွပ်စွဲချက် ပေါ်ပေါက်လာသဖြင့် မိမိ အံ့အား သင့်မိကြောင်း ဆော်ဒီအာရေဗျအစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး (မင်းသား) ခါလစ်ဘင်ဆယ်လမန်က ပြောကြားခဲ့သည်။

OPEC+ ၏ ဆုံးဖြတ်ချက်သည် စီးပွားရေး အကြောင်းပြချက် သက်သက်ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ခါလစ်ဘင်ဆယ်လမန်က ဆက်လက် ပြောကြားခဲ့သည်။

“ဒီလို မှားယွင်းတဲ့ စွပ်စွဲချက်တွေဟာ ယူကရိန်းအစိုးရ ဘက်ကနေ လာတာ မဟုတ်ပါဘူး” ဟု ဘုရင်ဆယ်လမန် ၏ သားတစ်ဦးဖြစ်သူ ခါလစ်က တွစ်တာလူမှုကွန်ရက်ပေါ်၌ အတိအလင်း ပြောကြားခဲ့သည်။

Source: Aljazeera