CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၂

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်တချို့တွင် ဆန်၊ ဆီ၊ ဆား အပါအဝင် စားနပ်ရိက္ခာလိုအပ်နေသည်ဟု ဇင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးညီပုက CNI သတင်း ဌာနသို့ ပြောသည်။

ကိုဗစ်တတိယလှိုင်း မဖြစ်မှီ အချိန်တွင် နိုင်ငံတကာကြက်ခြေနီအသင်း(ICRC)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)များမှ ထောက်ပံ့မှုများ ရရှိကာ မိသားစုလိုအပ်သည့် အကူ အညီ လုံလုံလောက်လောက် မရရှိသော်လည်း စခန်းပြင်ပထွက်၍ ဝင်ငွေရမည့် အလုပ်အကိုင် ရှာဖွေနေရသည်ဟု ဆိုသည်။

ဦးညီပုက “စားဝတ်နေရေး အခြေအနေက အကျပ်အတည်း ဖြစ်နေတယ်။ အခုဆို ကျနော်တို့မှာ ဆန်ရိက္ခာလည်း ကုန် တော့မယ်။ ဒီလ မကုန်ခင်လောက်ကို ကျနော်တို့ ဆန် ရိက္ခာပြတ်မဲ့ အခြေအနေရှိတယ်”ဟု ပြောသည်။

မြောက်ဦးမြို့နယ် ဇင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတွင် ကိုဗစ်ကူးစက်မှုများ ရှိလာသလို လက်ရှိ စခန်းတွင်း အပြင်မှာ ကိုဗစ်လက္ခဏာများ တွေ့ရှိနေသော်လည်း စစ်ဆေးမှု မလုပ်နိုင်သည့်အတွက် ကိုဗစ်ပိုး ရှိ/မရှိ မသိရ ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ Stay at Home အဖြစ် ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၄ ရက် အထိ ရက်သတ္တပတ် (၂) ပတ် သတ်မှတ် ကြောင်း ကြေညာခဲ့သည်။

ကိုဗစ် - ၁၉ တတိယလှိုင်းတွင် ရခိုင်တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှု မရောက်နိုင်ဘဲ ဖြစ်နေသည် ဟု ရခိုင်တိုင်းရင်းသားကွန်ဂရက် (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဆိုသည်။

ဦးဇော်ဇော်ထွန်းက “အခုနောက်ပိုင်း ကိုဗစ်ကူးစက်မှု များလာတဲ့ အချိန်ကြတော့ ထောက်ပံ့မှုတွေလည်း မရောက်နိုင်တဲ့ အနေ အထားမှာ ရှိပါတယ်။ အဲတော့ အရင်ကဆိုရင် ထောက်ပံ့မှုတွေ နည်းပေမယ့်လည်း စစ်ဘေးရှောင်တွေက အပြင် ထွက်ပြီးတော့ ဝင်ငွေရှာတဲ့ လုပ်ငန်းလေးတွေကို ကြုံရာကျပန်း လုပ်ကြတာရှိပါ တယ်။ ကိုဗစ်ဖြစ်လာတဲ့ အခါ ကြတော့ အပြင်သွားလာလို့ မရတဲ့အခါကြတော့ အခုဆိုရင် သူတို့အနေနဲ့ စားရေး သောက်ရေးပိုင်းမှာ တော်တော် လေး အခက်အခဲ တွေ့နေကြပါတယ်။ အကျပ်အတည်းနဲ့ကြုံ နေကြပါတယ်”ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ မရှိသော်လည်း တိုက်ပွဲရှောင်စခန်းကနေ နေရပ်ပြန်သူ ဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး အများစုမှာ နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေ သေးသည်ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း တပ်မတော်နှင့် AA ကြား တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ခဲ့ရသည့် ဒေသခံ တိုက်ပွဲရှောင် လူဦး ရေ (၁) သိန်းကျော်ရှိပြီး လက်ရှိတွင် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်။

#ဦးညီပု #ဦးဇော်ဇော်ထွန်း #ရခိုင်ပြည်နယ် #တိုက်ပွဲရှောင် #တပ်မတော် #AA #စားနပ်ရိက္ခာလိုအပ်နေ

#နေရပ်မပြန်နိုင်သေး #မြန်မာနိုင်ငံ #CNImyanmar #cninews