CNI News
ဝါရှင်တန် ဇူလိုင် ၂၂
ဝါရှင်တန်နှင့်ဘေဂျင်းတို့အကြား တင်းမာမှုများ မြင့်တက်လာ၍ ဇူလိုင် ၂၅ ရက်၊ လာမည့် တနင်္ဂနွေနေ့တွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။
ရှားမန်းသည် ၎င်း၏ အာရှခရီးစဉ်အတွင်း တရုတ်အရှေ့မြောက်ပိုင်းရှိ တီအန်ဂျင်းမြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ဇူလိုင် ၂၅ ရက်တွင် တွေ့ဆုံမည်ဖြစ်ပြီး ယခုရက်ပိုင်းများအတွင်း ဂျပန်၊ တောင်ကိုရီးယားနှင့် မွန်ဂိုလီးယားနိုင်ငံများသို့ တစ်နိုင်ငံပြီး တစ်နိုင်ငံ ရောက်ရှိလည်ပတ်နေဆဲဖြစ်သည်။ ခရီးအဆုံးသတ်ခါနီးတွင် ရှားမန်းသည် အိုမန်နိုင်ငံသို့ ဝင်မည်ဟု အေပီသတင်းက ဆိုသည်။
၎င်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အာဏာရပြီးချိန်မှစ၍ တရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည်။ သည့်မတိုင်မီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်တို့သည် ဝမ်ယိနှင့် တရုတ်အဆင့်မြင့်သံတမန် ယန်ဂျီးချီ တို့ကို ပြီးခဲ့သည့်မတ်လက အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်တွင် တွေ့ဆုံခဲ့သည်။
ဘိုင်ဒန်အစိုးရ၏ ရာသီဥတုဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီက ပြီးခဲ့သည့် ဧပြီလတွင် တရုတ်အစိုးရဘက်မှ တာဝန်ရှိသူများ နှင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် တွေ့ဆုံခဲ့သည်။
သို့သော် ယခုခရီးစဉ်တွင်မူ ရှားမန်းသည် ဂျွန်ကယ်ရီထက် အဆင့်မြင့်သည့် အမေရိကန်အစိုးရ လက်ထောက်ဝန်ကြီးတစ်ဦးအနေဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။
၎င်း၏ခရီးစဉ်သည် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က သိသိသာသာ ယိုယွင်းလာခဲ့သော နှစ်နိုင်ငံဆက်ဆံရေးကို အကြောင်းပြု လျက် အာရှဒေသတွင်းရှိ အခြားနေရာများသို့ပါ ကြိုတင်သွားရောက်မည့်အကြောင်း တစ်ချိန်တည်းတွင် ထုတ်ဖော် ကြေညာ ခြင်း မပြုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း အေပီက ဆက်လက်ရေးသားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ၎င်းတို့အစိုးရအဆင့်မြင့်အရာရှိများနှင့် တရုတ်အစိုးရထိပ်တန်းတာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံရန် အခွင့်အလမ်းများ ရှာဖွေနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ရှားမန်း၏ခရီးစဉ်သည် ကျယ်ပြန့် မည်ဖြစ်ပြီး အာရှဒေသတွင်း အငြင်းပွားစရာ ကိစ္စရပ်များအပြင် မြောက်ကိုရီးယားကို နူးကလီးယားအရေး ညှိနှိုင်းဖြေရှင်းမှု စားပွဲဝိုင်းပေါ် ပြန်ခေါ်နိုင်ဖို့ အပြန်အလှန်ဆန္ဒရှိကြောင်းပါ ပြသလိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထား သည်။
Source: AP
#အမေရိကန်
#တရုတ်
#US
#China
#သံတမန်
#မြောက်ကိုရီးယား
#Sherman
#ဘိုင်ဒန်
#CNImyanmar
#cninews
https://apnews.com/article/joe-biden-health-government-and-politics-china-coronavirus-pandemic-412b63d33d7f9c4f02576a42626f621d/gallery/71f49e8b15764431965bfff22bdad41f