CNI International News

ကိယက်ဗ်၊ ဩဂုတ် ၂၆

ယူအေအီးနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းသည် စစ်သုံ့ပန်း ၁၁၅ ဦးစီကို လဲလှယ်ခဲ့ကြသည်ဟု နှစ်နိုင်ငံအာဏာပိုင်များက အတည်ပြုခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

"ယူအေအီးနိုင်ငံဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ယူကရိန်းသမ္မတနိုင်ငံအကြား အကျဉ်းသားလဲလှယ်မှုကို အောင်မြင်စွာ ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ နှစ်နိုင်ငံစလုံးက စစ်သုံ့ပန်း စုစုပေါင်း ၂၃၀ လွတ်မြောက်ခဲ့ပါတယ်" ဟု ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားနှင့် ယူကရိန်းအကြား ထိုအကျဉ်းသားလဲလှယ်မှုသည် ယခုနှစ်အတွင်း ယူအေအီးနိုင်ငံ၏ သတ္တမမြောက် ကြားဝင်စေ့စပ်ပေးမှု ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကလည်း ရုရှားမှ စစ်သုံ့ပန်း ၁၁၅ ဦး လွတ်မြောက် လာကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရုရှားကလည်း ၎င်း၏ နယ်စပ်ဒေသဖြစ်သည့် ကာ့စ် (Kursk) ဒေသကို ယူကရိန်း၏ ကျုးကျော် ဝင်ရောက်သော စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်း ၁၁၅ ဦး ပြန်လည်လွတ်မြောက်လာကြောင်း အတည်ပြုခဲ့သည်။

ရုရှားစစ်သုံ့ပန်းတွေကိုတွေ့ရစဉ်

ရုရှားနှင့် ယူကရိန်းသည် စစ်ပွဲစတင် ဖြစ်ပွားခဲ့ချိန်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြုလုပ်ခဲ့သည့်တိုင် အခြားနိုင်ငံများ၏ ကြားဝင်စေ့စပ်ပေးမှုများဖြင့် နှစ်ဖက်စလုံးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို မကြာခဏ လဲလှယ်ခဲ့သည်။

ယခုအကြိမ် စစ်သုံ့ပန်းများ လဲလှယ်မှုသည် ဩဂုတ် ၆ ရက်က ကာ့စ်ဒေသကို ယူကရိန်းက အံ့အားသင့်ဖွယ် ဝင်ရောက် တိုက်ခိုက်ပြီးနောက် ပထမအကြိမ် အကျဉ်းသားလဲလှယ်မှုဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၃ ရက်ကလည်း ယူအေအီး၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်ခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း စုစုပေါင်း ၄၇၈ ဦးအထိ လွတ်မြောက်ခဲ့သည်။

ထိုအကျဉ်းသားလဲလှယ်မှုသည် နှစ်နိုင်ငံအကြား အကျဉ်းသားဦးရေ အများဆုံး လဲလှယ်မှုဖြစ်ခဲ့သည်။

ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ယူကရိန်းနှင့် ရုရှားအကြား လွတ်မြောက်ခဲ့သည့် စစ်သုံ့ပန်း အရေအတွက် စုစုပေါင်းသည် ၁၇၈၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကမူ ရုရှားမှ ပြန်လည်လွတ်မြောက်လာသည့် စစ်မှုထမ်းများအနက် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များနှင့် ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်များပါဝင်ကြောင်း ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား