CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် သရက်ကုန်းကျေးရွာတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဌာနဆိုင်ရာ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂ ဦးကို ပြန်လွှတ် ပေးခဲ့သည်ဟု သိရသည်။

ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဦးကျော်မင်းသန်း(သတ္တု) ခေါင်းဆောင်၍ ဒုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးသန်းစိုး၊ ဦးမျိုးဝဏ္ဏ(သတ္တု)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ ဦးကျော်စိုး၊ယာဥ်မောင်းဦးရန်နိုင်စိုး၊ ဦးဇော်ဦး၊ ဦးရဲကိုကိုဦး(သတ္တု)၊ မင်းဇင်ထူး(သတ္တုလုပ်ငန်းရှင်)များ အဖွဲ့တို့ သည် ယာဥ် နှစ်စီးဖြင့် ပြန်လည်အပ်နှံသည့် လုပ်ကွက်များကို အစီအစဥ်အတိုင်း ဆောင်ရွက်ထားရှိမူ ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ သည်ဟု သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးရာမှ ဗန်းမောက်သို့ အပြန်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်၍ ယာဉ်မောင်း ဦးကျော်စိုးမောင်၏ ဘယ်ဘက် ရင်အုံသို့ ကျည်ဆံထိမှန်ခဲ့ပြီး လက်ရှိတွင် မုံရွာပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားသည်ဟု သိရသည်။

 “ကျနော်ဖြစ်စဉ်သိသလောက်ပေါ့၊ မနေ့က ည ၇ ခွဲလောက်မှာ ဖြစ်တာ။ သိရတာက အထဲရိုး(နားနန့်ထွန်လုပ်ကွက်)က နေပြီးဖြစ်ခဲ့တာ။ ဌာနဆိုင်ရာတွေက ကွင်းဆင်းစစ်ဆေး သွား တာနေမှာ။ မိုင်းကုန်းဘက်ကတွေ။ ကွင်းဆင်းစစ်ဆေးသွားတဲ့ အချိန် ဟိုမှာပြဿနာလေး ပြတ်တိပြက်တောက်ဖြစ်ခဲ့တာနေမှာ။ သူတို့က ပြန်ခဲ့တဲ့အချိန်က ကားဘီးလည်း ပေါက်ခဲ့ တယ်။ အနောက်ကနေ ဆိုင်ကယ်တွေနဲ့ လိုက်ခဲ့ပြီးမှာ သရက်ကုန်းမှာ လာမိတာ။ ညက ၄ ယောက်ပျောက်သွားတဲ့အထဲမှာ ၂ ယောက်ကတော့ ဒီနေ့မနက် ရုံးကို ပြန်ရောက်သွားပြီ လို့ ပြောတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ဖမ်းထဲက ပါသွားတာ။ အိမ်နီးနားချင်းတွေကလည်း သူတို့ကို လက်ထိပ်ခတ်တာတွေ ဘာတွေ မြင်ရတယ်လို့ ပြောတာကိုး” ဟု ဒေသခံ ကိုစိုင်းပန် (အမည်လွှဲ)က ပြောသည်။

အမည်မသိလက်နက်ကိုင်တပ်ဖွဲ့များမှာ ဆိုင်ကယ်တစ်စီးတွင် ၂ ယောက်ခန့် လိုက်ပါလာပြီး ဆိုင်ကယ် ၇ စီးခန့်ဖြင့် လာ ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အဆိုပါ အမည်မသိ လက်နက်ကိုင်အဖွဲ့မှ လာရောက် ဖမ်းဆီး ခေါ်ဆောင်စဉ် သရက်ကုန်းကျေးရွာအတွင်းမှာ ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ပြီး အနီးနားရှိ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိ၍ ဗန်းမောက် ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

လက်ရှိ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော်(SNA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF အဖွဲ့ များနှင့် မြန်မာ့တပ်မတော် စသည့် လက်နက်တပ်ဆင်ထားသော အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။

#ဗန်းမောက်မြို့နယ်  #အမည်မသိလက်နက်ကိုင်  #ဌာနဆိုင်ရာ  #လူလေးဉီးဖမ်းခံရ  #နှစ်ဉီးပြန်လွှတ်ပေး  #မိန်းကလေးတစ်ဉီးဒဏ်ရာ  #ဆေးကုသနေ  #CNImyanmar #cninews