CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈

အင်းစိန်၊ လှိုင်နှင့် လှည်းကူးမြို့နယ်များအတွင်း ပေါက်ကွဲရေး အပါအဝင် သတ်ဖြတ်ခြင်းများ ကျူးလွန်နေသည့် Star Light Operation မှ အဖွဲ့ဝင် ၂၇ ဦးကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ယနေ့ (နိုဝင်ဘာ ၈ ရက်)တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် Star Light Operation မှ ကျား ၂၂ ဦး၊ မ ၅ ဦး စုစုပေါင်း ၂၇ ဦးကို လက်နက်ငယ် မျိုးစုံ ၅ လက်၊ တူမီးသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂၆ လုံး၊ ဂျင်ကလိ ၆၇ ချောင်း၊ ဂြိုလ်တုဖုန်း ၃ လုံး၊ ဓါတ်ငွေ့ကာမျက်နှာဖုံး ၃ ခု၊ ဓါတ်ငွေ့ကာမျက်မှန် ၃ ခု၊ Laptop ၃ လုံး၊ ယမ်းကြိတ်ကိရိယာ ၁ ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြ ထားသည်။

ထိုဖမ်းဆီးခံရသူများမှာ အောင်ကောင်းစံ၊ ရှိုင်းအောင်၊ နေမင်းထက်၊ အောင်ချမ်းမြေ့၊ ဇွဲကိုကို၊ သန့်ဇင်မျိုး၊ မိုးကျော်သူ(ခ)ကွမ်းသီး၊ သူရိန်(ခ)နိုင်လင်းခန့်၊ ဘုန်းမြတ်လှိုင်၊ ဆန်းရတနာကျော်၊ ခိုင်မာစိုး၊ စောဝင်းကိုကို ထွန်း၊ အာကာဖြိုး၊ စိုင်းဖြိုးမင်းဝင်း၊ နွေးနွေးလှိုင်(ခ)ခင်သစ္စာ၊ ကျော်စည်သူ၊ သီဟအောင်၊ ဆုသစ္စာ၊ ခင်မောင်ချို (ခ) ချာတိတ်၊ ဇေယျာလင်း၊ ကျော်ကျော်လွင်၊ အေးအေးမွန်၊ စိုးကြူမျိုး(ခ)အာနိုး၊ ဇော်ဇော်ထက်၊ သက်ပိုင်ဦး၊ မျိုးမင်းနိုင်၊ ခင်မောင်ဦး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။