CNI International News

အဒစ်ဘာဘာ၊နိုဝင်ဘာ ၈

နှစ်ရှည်စစ်ပွဲအဆုံးသတ်ရန်အတွက် သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းချက်များကို ပယ်ချခဲ့ပြီးနောက် စစ်ရေး လိုလားသော သူပုန်များ ချီတက်လာခြင်းကို မြို့တော်မှနေ၍ ခုခံတားဆီးရန်အတွက် အီသီယိုးပီးယားပြည်သူများ ထောင်သောင်းချီ၍ စုဝေးကတိပြုခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက နိုဝင်ဘာ ၇ ရက်တွင် ရေးသားဖော်ပြသည်။

အီသီယိုးပီးယားနိုင်ငံ၏ အဒစ်ဘာဘာမြို့လယ်ခေါင်တွင် နိုဝင်ဘာ ၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လူစု လူဝေးသည် တီဂရာယန်သူပုန်တပ်ဖွဲ့ဟုခေါ်သည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF) နှင့် မဟာမိတ် အဖွဲ့များကို ဆန့်ကျင်လျက် လူထုထောက်ခံမှု မြှင့်တင်ရန် ၎င်းအစိုးရ၏ နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်။

တီဂရာယန်သူပုန်အဖွဲ့များ မကြာသေးမီရက်များအတွင်း မြို့တော်သို့ ချီတက်ရန် အလားအလာများလာသဖြင့် အရပ်သားများကို ကာကွယ်ရန်အတွက် အစိုးရက တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ၅ ရက် အကြာတွင် ယခုကဲ့သို့ လူထုဆန္ဒထုတ်ဖော်ပွဲများကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

နှစ်ဘက်ရန်လိုမှုများ ရပ်တန့်နိုင်ရေးအတွက် ကြားဝင်စေ့စပ်ပေးဖို့ အမေရိကန်အစိုးရအရာရှိ ဂျက်ဖရေး ဖက် တမန်းက နိုဝင်ဘာ ၄ ရက်တွင် အီသီယိုးပီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဆော်ဒီအာရေဗျ၊ နော်ဝေး၊ ဆွီဒင်နှင့် ဒိန်းမတ်အပါအဝင် နိုင်ငံအချို့က ၎င်းတို့နိုင်ငံသားများ အီသီယိုးပီးယား ပြည်တွင်းမှ ထွက်ခွာကြရန် တိုက်တွန်းပြီး ရက်ပိုင်းအကြာတွင် အမေရိကန်သံရုံးကလည်း အရေးပေါ် တာဝန် မယူရသည့် ၎င်း၏ဝန်ထမ်းများ အလားတူထွက်ခွာကြရန် နိုဝင်ဘာ ၆ ရက်က အမိန့်ထုတ်ခဲ့သည်။

အကြမ်းဖက်မှုများ အဆုံးသတ်ရန် တောင်းဆိုသည့်နိုင်ငံများကို ဆန့်ကျင်ကြရန် နိုဝင်ဘာ ၇ ရက်၌ အီသီယိုး ပီးယားအစိုးရက စီစဉ်သည့် ဆန္ဒပြပွဲ၌ တွန်းအားပေးခဲ့သည်။ “ပြည်ပက ဝင်ရောက်စွက်ဖို့ မလိုဘူး” ဟူသော စာတန်းအချို့ကို အဆိုပါဆန္ဒပြပွဲအတွင်း တွေ့ခဲ့ရကြောင်း၊ အခြားဆိုင်းဘုတ်တစ်ခုတွင်လည်း စစ်ပွဲကို အပြင်း ထန်ဆုံးဝေဖန်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်ကို “ကျွန်ုပ်တို့အပေါ် ဂုတ်သွေးစုပ်ခြင်းမှ ရပ်တန့်ရန်” စာတန်းကိုင်ဆောင်ခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဒစ်ဘာဘာမြို့တော်ဝန် အာဒန်နက်ရှ်အဘီဘီက “အီသီယိုးပီးယား ရန်သူတွေဟာ ကျမတို့ပြည်သူတွေကို အကြမ်းဖက်ဖို့ ကြိုးစားနေတယ်” ဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“သူတို့က အဒစ်ဘာဘာကို ဝိုင်းထားပြီလို့ ပြောကြတယ်။ ဒါပေမယ့် အဒစ်ဘာဘာဟာ နိုးကြားတဲ့ပြည်သူတွေ၊ သူရဲကောင်းဆန်တဲ့ကလေးသူငယ်တွေကပဲ လက်ချင်းယှက်ပြီး ဝန်းရံနေကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။