ကဘူးလ်၊နိုဝင်ဘာ ၈

တာလီဘန်တို့သည် ၎င်းတို့အဖွဲ့ဝင် ၄၄ ဦးကို အာဖဂန်နစ္စတန်နိုင်ငံတဝန်း၌ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့အကြီးအကဲများအဖြစ် အဓိကကျသောအဆင့်မြင့်ရာထူးနေရာများတွင် နိုဝင်ဘာ ၇ ရက်က ခန့်အပ် တာဝန်ပေးခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းသို့ အဆင့်မြင့်ရာထူးများ ခန့်အပ်ခြင်းသည် ပြည်တွင်း၌ လုံခြုံရေးနှင့်စီးပွားပြဿနာများ ကြီးထွားလာချိန် တွင် တာလီဘန်တို့၏အုပ်ချုပ်ရေးကို မြှင့်တင်သည့် အဓိကခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

စက်တင်ဘာလတွင် တာလီဘန်တို့ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် ယခုရာထူးများခန့်အပ်ခြင်းကို ပထမဆုံးအကြိမ် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
ကဘူးလ်မြို့တော် အုပ်ချုပ်ရေးအဖြစ် ကွာရီဘာရယ်နှင့် မြို့တော်ရဲချုပ်အဖြစ် ဝလီဂျန်ဟမ်ဇာတို့အပါအဝင် တာလီဘန်အဖွဲ့ဝင်များ ထမ်းဆောင်ရမည့် ရာထူးတာဝန်အသစ်များစာရင်းကို တာလီဘန်တို့က အတည်ပြု ကြေညာခဲ့သည်။

ကဘူးလ်မြို့ရှိ အကြီးဆုံးစစ်ဆေးရုံကို ယခုလဆန်းပိုင်းက ဝင်ရောက်တိုက်ခိုက်ခံရပြီး ကဘူးလ်လုံခြုံရေးတာဝန်ခံ ယခင်တပ်မှူးဟောင်း မော်လဝီဟမ်ဒူလာမူခလစ် သေဆုံးခဲ့ရသည်။

တာလီဘန်များသည် ဩဂုတ် ၁၅ ရက်က တနိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုကြာ အာဖဂန်စစ်ပွဲအပြီး တည်ငြိမ်ရေးနှင့်လုံခြုံရေးကို စိန်ခေါ်သည့် ထိုးနှက်ချက်များစွာကို ရင်ဆိုင်ဖြေရှင်းနေရသည်။

အစ္စလာမ္မစ်နိုင်ငံတော်(IS)စစ်သွေးကြွများသည် အာဖဂန်နိုင်ငံအနှံ့အပြား တိုက်ခိုက်မှုအများအပြား လုပ်ဆောင် ခဲ့ပြီး တိုင်းပြည်စီးပွားရေးအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာခဲ့သည်။

လူနည်းစုနှင့်အမျိုးသမီးများအပါအဝင် အားလုံးပါဝင်နိုင်သည့်အစိုးရတစ်ရပ်(An Inclusive Government) ဖွဲ့စည်း ရန်နှင့် အခြားနိုင်ငံရေးသမားများအား ညှိနှိုင်းအဖြေရှာရန် တာလီဘန်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုခဲ့သော်လည်း သိသိသာသာ တိုးတက်မှုမရှိသေးကြောင်း သိရသည်။