၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈

အချိုးကျကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (PR) သည် အာဏာရှင်စနစ်ကို အားပေးရာရောက်သည်ဟု ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။

PR စနစ်ကျင့်သုံးခဲ့ပါက အနိုင်ရပါတီများအနေဖြင့် အခြားပါတီများကို ကိုယ်စားလှယ် မျှပေးလိုက်ရမည့် အခြေအနေရှိ နေကြောင်း၊ထိုသို့ မျှပေးရပါက အစိုးရဖွဲ့မည့်ကိစ္စ၊ လွှတ် တော်အတွင်း အဆုံးအဖြတ်ကိစ္စများမှာ အားလျော့သွားကာ တပ်မတော်နှင့် ပူးပေါင်းနိုင်မည့်ပါတီသာ အစိုးရဖွဲ့နိုင်မည့် အနေအထားရောက်ရှိသွားကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “ဒီစနစ်က တပ်မ‌တော်ရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ ကျယ်ပြန့်အောင်လုပ်တယ်။ အားရှိအောင် လုပ်တယ်ဆို တဲ့ သဘောမျိုးဖြစ်အောင် လုပ်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့နော်။ နောက်တစ်ခုက တပ်မတော်အနေနဲ့ တကယ်တမ်း ရိုး သားပါတယ်၊ ပါတီအသေးလေးတွေပါ ပါစေချင်တယ်ဆိုလို့ရှိရင် သူတို့ ၂၅% ကို စွန့်လွတ်ဖို့လိုတယ်။ ၁၀၀ % အပြည့် ဒီဘက်က ပြိုင်ရင်‌တော့ တစ်မျိုး တစ်ဖုံပေါ့။ မဟုတ်ရင်‌‌တော့ တကယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ ပါတီတွေက ၅၀ % မကျော် ပဲနဲ့ တပ်မတော်နဲ့ ပေါင်းမှ အစိုးရဖွဲ့နိုင်မယ့် အနေအထား ရောက်သွားတဲ့အတွက် ဒီ PR စနစ်ရဲ့ ဆိုးကျိုးက စစ်အာဏာရှင် စနစ်ကို အားပေးရာ ရောက်တယ်လို့ ကျ‌နော်သုံးသပ်ချင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်မှ လွှတ်တော်အသီးသီးတွင် နေရာ ၂၅ % ယူထားသည့်အတွက်ကြောင့် PR စနစ်သာ ကျင့်သုံးခဲ့ပါက အစိုးရဖွဲ့နိုင်မည့်ပါတီ မရှိတော့ကြောင်း ၎င်းက ပြောသည်။

မဲများသူ အနိုင်ရသည့်စနစ် FPTP က ပါတီတစ်ခုကနေ အမြဲတမ်းနေရာ ယူထားသလိုဖြစ်နေပြီး တိုင်းရင်းသားပါတီများ အတွက် နေရာမရခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြည်လည် စည်းလုံး ညီညွတ်ရေး ခေါင်းစဉ်အောက်က သွားမည်ဆိုပါက PR စနစ်သည် သုံးသင့်သည့်စနစ်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

ပုံ- ဦးဖေသန်းကိုတွေ့ရစဉ်။

၎င်းက “အခြားတစ်ဖက်က ပြန်ကြည့်ပြန်ရင်လည်း အစိုးရဖွဲ့တဲ့ဘက်က ဒါမျိုး ဒွိဟဖြစ်စရာ အချက်လေးတွေ ပါလာနိုင် တယ်။ အငြင်းပွားစရာ အချက်လေးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ဖို့ တစ်ခုက ကျနော်တို့က တကယ့် ကို ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ပုံစံမျိုးသွားခဲ့မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းရေး Compromise လုပ်တဲ့ ကိစ္စတွေ တကယ့်ကို ရင်းနှီးဆွေးနွေးညှိနှိုင်းပြီးတော့ စုပေါင်းဆောင်ရွက်တဲ့ အလေ့အထား PR စနစ်မှာ ပိုပြီးတော့ တိုးတက် လာစရာ အကြောင်းရှိတယ်။ အဲ‌တော့ အ ကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်တော့ အစိုးရအဖွဲ့ဖွဲ့နိုင်ဖို့အတွက် တကယ့် ဘုံသဘောတူညီချက်ပေါ့နော်။ နိုင်ငံတစ်ခုကို တည်ဆောက်ဖို့အတွက် ဘယ်လိုဦးတည်ချက်တွေပေါ်မှာ မူတည်ပြီးတော့ သွားမလဲဆိုတာ ပါတီတစ်ခုနဲ့ တစ်ခုကြားမှာ ပူးပေါင်းမှုတွေ၊ ဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေ အများကြီးဖြစ်လာနိုင်တယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။

တပ်မတော်၏ ၂၅ % ကြောင့် အစိုးရဖွဲ့၍ ရခြင်း၊ မရခြင်းဆိုသည်ထက် တိုင်းရင်းသားအားလုံး သက်ဆိုင်ရာ ကိုယ်စားလှယ် များ မဲအရေအတွက်အပေါ် မူတည်၍ လွှတ်တော်အတွင်း ဝင်လာနိုင်ကြောင်း၊ အစိုးရဖွဲ့သည့်အခါ မည်သို့ သွားရမလဲဆို သည့် ဘုံသဘောတူညီချက် တစ်ခုပေါ်မှာ မူတည်ပြီး အလုပ်လုပ်ရသည့်အတွက်ကြောင့် အခက်အခဲတစ်ခုဖြစ်သလို အခွင့် အလမ်းတစ်ခုဟုလည်း မြင်၍ရကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

 

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)သည် တပ်မတော်က ဖွဲ့ထားသည့် UEC ဖြစ်သည့်အတွက် တပ်မတော် အလိုကျ လုပ်ဆောင်ရမှာဖြစ်ပြီး PR စနစ်ကို ကျင့်သုံးသွားမည်ဟု မြင်မိကြောင်း ဦးဖေသန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဉပဒေအရ နိုင်ငံတော်ကို အုပ်ချုပ်သူသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ဖွဲ့စည်း ခွင့်ရှိ ကြောင်း ပြဋ္ဌာန်းထားသည်။

ဦးဖေသန်းက “UEC က တပ်မတော်က ဖွဲ့ထားတဲ့ UEC လေ၊ NLD တုန်းက ဖွဲ့ထားတဲ့ UEC လည်း NLD ကို ကာကွယ်တယ်။ NLD ရဲ့ မူဝါဒ အတိုင်း သူတို့လျှောက်တယ်။ USDP တုန်းက ကော်မရှင်တုန်းကလည်း သူတို့ကော်မရှင်ပဲပေါ့။ သူတို့လည်း စစ်တပ်က ဖွဲ့ ထားတဲ့ ကော်မရှင်ဆိုတော့ စစ်တပ်ရဲ့ အလိုကျပဲ သူတို့ လုပ်မှာပေါ့။ တကယ်တော့ ပါတီတွေဆိုတာလည်း ၂၃ ပါတီထင်ပါ တယ်။ USDP ရဲ့ မဟာမိတ်တွေလည်း ရှိတယ်ဆိုတော့ ကျနော်တို့ ပါတီတစ်ရပ်အသံပြောရင် သူတို့ရဲ့ အသံက ပိုပြီး လွမ်းခြုံ နိုင်လိမ့်မယ်လို့ ကျ‌နော်ထင်တယ်။ ဘယ်ပါတီက ကန့်ကွက်ကွက် သူတို့ကတော့ သွားမှာပဲလို့ အဓိပ္ပာရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ နိုင်ငံရေးပါတီများနှင့် UEC တို့မှ PR စနစ် ပြောင်းလဲ ကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး PR စနစ်နှင့် ပတ် သက်၍ နိုင်ငံရေးပါတီအချို့ စာတမ်းတင်သွင်းမှုများလည်း ရှိခဲ့ကြောင်း သိရသည်။