အဒစ်အဘာဘာ၊နိုဝင်ဘာ ၆

အီသီယိုးပီးယားနိုင်ငံရှိ တီဂရေးတပ်ဖွဲ့များသည် နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံတဝန်းရှိ အခြား လက်နက်ကိုင် တပ်ဖွဲ့များ၊ အတိုက်အခံအဖွဲ့များနှင့် ပူးပေါင်းကာ လက်ရှိဝန်ကြီးချုပ် အေဘီအာမက်ကို ဆန့်ကျင်လျက် မဟာမိတ်ဖွဲ့ခြင်းအားဖြင့် နှစ်ရှည်စစ်ပွဲမှ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆီသို့ ဦးတည်ရေး ကြိုးစားခဲ့ကြောင်း၊ အေဘီအာမက်ကို အတင်းအကျပ်ပြုတ်ကျစေမည့် ဖြစ်နိုင်ခြေအား လမ်းဖွင့်လာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

“ကျနော်တို့အတွက် ကန့်သတ်ချက် မရှိပါဘူး။ သေချာတာကတော့ တုန်လှုပ်ခြောက်ခြားစရာမတွေ့ခင် အီသီ ယိုးပီးယားမှာ ကျနော်တို့ အပြောင်းအလဲတစ်ခုရှိလာလိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် လက်ရှိ တီဂရေးဘက်ခြမ်း၌ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဘာဟန် ဝါရှင်တန်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခု မဟာမိတ်ဖွဲ့သည့်ကြေညာချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီသီယိုးပီးယားအရေးနှင့် ပတ်သက် ၍ ကိုင်တွယ်ဖြေရှင်းရန် ပထမဆုံးအကြိမ်တောင်းဆိုမှု မတိုင်မီ နာရီပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီသီယိုးပီးယားတွင် ပိုမိုပြင်းထန်လာနေသော ပဋိပက္ခများ အဆုံးသတ်ရန်နှင့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆိုးဝါး ဆုံး အငတ်ဘေးနှင့် စစ်ဘေးဒဏ်ခံနေရသော တီဂရေးဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးအပ်နိုင်ရန် လုံခြုံရေးကောင်စီက ယခုရက်ပိုင်းအတွင်း ဆွေးနွေးမှုများရှိနေသည်။

ကုလသမဂ္ဂအတွင်း ဩဇာအရှိဆုံးဖြစ်သည့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံး အတည်ပြုထားသည့် ကြေညာချက်တွင် အီသီယိုးပီးယားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် အမုန်းစကားများ၊ အကြမ်းဖက်မှုနှင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်စေမည့် လှုံ့ဆော်မှုများမှ ရှောင်ရှားကြရန် တိုက်တွန်း တောင်းဆိုထားသည်။

ယခု ကြေညာလိုက်သော အီသီယိုးပီးယားမဟာမိတ်အဖွဲ့တွင် အစိုးရကိုတိုက်ခိုက်နေသော တီဂရေးတပ်ဖွဲ့များ၊ အော်ရိုမိုလွတ်မြောက်ရေးတပ် (Oromo Liberation Army) နှင့် အခြားအဖွဲ့ ၇ ဖွဲ့တို့ ပါဝင်ထားကြသည်။

လတ်တလောအနေအထားတွင် တီဂရေးတပ်များသည် မြို့တော်အဒစ်အဘာဘာအနီးသို့ ချဉ်းကပ်လာနေပြီး ယခင်စစ်မှုထမ်းဟောင်းများလည်း ၎င်းတို့နှင့်ပူးပေါင်းပါဝင်ရန် တောင်းဆိုမှုများရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏အဆိုအရ သိရသည်။

အတိုက်အခံမဟာမိတ်အဖွဲ့ကို အမေရိကန်အထူးသံတမန် ဂျက်ဖရေးဖက်တမန်း (Jeffrey Feltman) အနေဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ၎င်းနှင့် အီသီယိုးပီးယားဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှု၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကတည်းက လူထောင်နှင့်ချီ၍ သေဆုံးခဲ့သည့်စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးပွဲများ စတင်ရေး တောင်းဆိုခဲ့ကြောင်း အေပီက ဆက်လက်ရေးသားဖော်ပြသည်။ ၎င်းတို့နှစ်ဦးတွေ့ဆုံမှု၌ အပြုသဘောဆောင် သော ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဘေလင့်စီယွမ်က အေပီ သတင်းဌာနသို့ ပြောသည်။

ဝန်ကြီးချုပ်သည် အလျင်အမြန်ကြီးထွားလာနေသော အီသီယိုးပီးယားအကျပ်အတည်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲ မာတင်ဂရီဖစ်နှင့်လည်း အလားတူတွေ့ဆုံခဲ့သေးကြောင်း သိရသည်။