CNI International News
ခါတွမ်း၊နိုဝင်ဘာ ၅
ပြီးခဲ့သည့်သီတင်းပတ်က နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချခံခဲ့ရသည့် စစ်အာဏာ သိမ်းမှုအတွင်း ထိန်းသိမ်းခံထားရသော ယခင်အစိုးရဝန်ကြီး ၄ ဦးကို ပြန်လွှတ်ပေးရန် ဆူဒန် ထိပ်တန်း စစ် ဗိုလ်ချုပ်ကြီးက နိုဝင်ဘာ ၄ ရက်တွင် အမိန့်ထုတ်ခဲ့ကြောင်း ဆူဒန်နိုင်ငံပိုင်သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
သို့သော် အဆိုပါဝန်ကြီး ၄ ဦးသည် ယခုသတင်းရေးသားချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်းတို့၏ရှေ့နေ မို့စ်ဟာဒရာ က ပြောသည်။
ဖမ်းဆီးခံထားရဆဲ အဆိုပါဝန်ကြီး ၄ ဦးတို့မှာ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး၊ ကုန်သွယ်ရေးနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် လူငယ်နှင့်အားကစားရေးရာဝန်ကြီးတို့ဖြစ်ကြောင်း ဆူဒန် SUNA သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည်။
မကြာသေးမီက အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော အကျပ်အတည်းမှ လွတ်မြောက်ရန် လမ်းစတစ်ခုအဖြစ် စစ်ဗိုလ်ချုပ်ကြီးများနှင့် အရပ်သားခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းရေးပေါ်ပေါက်တိုးတက်လာခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်၌ အေပီက ဆက်လက်ရေးသားထားသည်။
ဆူဒန်နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်နှင့် အရပ်သားအသွင်ကူးပြောင်းရေးအစိုးရလက်သို့ အာဏာ ပြန်အပ်ရန်လည်း နိုင်ငံတကာဖိအားများ တိုးမြှင့်လာခဲ့သည်။ တချိန်တည်းမှာပင် တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံခေါင်းဆောင်များကို ကျယ်ကျယ်ပြန့်ပြန့်ဖမ်းဆီးခေါ်ဆောင်နေခြင်းအပေါ် ဆန္ဒပြ ခေါင်းဆောင် များနှင့်လူ့အခွင့်အရေးသမားများက သတိပေးနေကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်တွင် စစ်ဗိုလ်ချုပ်ကြီးဘာဟန်သည် အသွင်ကူးပြောင်းရေး အရပ်သားအစိုးရကို ဖျက်သိမ်းလိုက်ပြီး အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံရေး သမားများကို အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီး ထားခဲ့သည်။
အရပ်သားခေါင်းဆောင်များကို နံနက်လင်းအားကြီးချိန်တွင် ၎င်းတို့နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်ကာ အလုံပိတ်နေရာများတွင် ထိန်းသိမ်းချုပ်နှောင်ထားခဲ့သည်။ တဆက်တည်းတွင် စစ်ခေါင်းဆောင်များသည် နိုင်ငံပိုင် ရုပ်သံလိုင်းထုတ်လွှင့်ရေးဌာနချုပ်ကို ဝင်ရောက်စီးနင်းကာ တနိုင်ငံလုံး မိုဘိုင်းလ်ဖုန်းနှင့်အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။
ထိုနေ့ မိုးလင်းချိန်၌ သောင်းဂဏန်းရှိသော လူအုပ်ကြီး လမ်းပေါ်ထွက်လာခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ယင်းနောက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းက ဆူဒန်နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး ပြည်တွင်းတင်းမာမှုများ လျော့ပါးရေးအတွက် ဆက်လက်ဖိအားပေးလျက်ရှိသည်။
ဆူဒန်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နိုဝင်ဘာ ၅ ရက်(ယနေ့)တွင် အရေးပေါ် အစည်းအဝေးတစ်ခုကို ခေါ်ယူခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။