ဝါရှင်တန်၊နိုဝင်ဘာ ၆
ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှုများကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး အဆိုပါလှုပ်ရှားမှုများမှာ ပုံမှန်မဟုတ်ဘဲ သာမန်ထက်ထူးခြားနေကြောင်း သတိပေးလိုက်သည်ဟု အေပီနှင့် ရိုက်တာတို့က အသီးသီးရေးသားဖော်ပြသည်။
“ကျနော်တို့ ဒါကို အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ပင်တဂွန်စစ်ဌာနချုပ် သတင်းပြန်ကြားရေးအတွင်းဝန် ဂျွန်ကာဘီ (John Kirby) က နိုဝင်ဘာ ၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး မော်စကိုအနေဖြင့် ၎င်းရည်ရွယ်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ရှင်းပြရန် တောင်းဆိုခဲ့သည်။
“အခုလတ်တလော အသေးစိတ်တော့ ကျနော် မပြောပါဘူး။ အတိုင်းအတာတစ်ခုတော့ ကြီးမားတယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်တို့ မြင်နေရတဲ့ စစ်ရေးအနေအထားက အရေးကြီးပါတယ်။ ရုရှားရဲ့ အလေးအနက်ထားတဲ့ (ဒါမှမဟုတ်) ရန်လိုတဲ့ လုပ်ရပ်မှန်သမျှဟာ အင်မတန်စိုးရိမ်စရာကောင်းပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယူကရိန်းနယ်စပ်တလျှောက်နှင့် သူပုန်များထိန်းချုပ်ထားသည့် ယူကရိန်းအရှေ့ပိုင်းဒေသများတွင် ရုရှားတပ်ဖွဲ့ဝင် ၉၀,၀၀၀ ခန့် ချထားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ယခုရက်သတ္တပတ်အစောပိုင်းတွင် ထုတ်ပြန် ခဲ့သည်။
ယင်းသို့ စစ်အင်အားဖြင့် ခြိမ်းခြောက်လာခြင်းအပေါ် မော်စကိုကတော့ ငြင်းဆိုထားသည်။
“ရုရှားက လိုအပ်ချက်ရှိတဲ့ နယ်မြေတွေမှာ တပ်ဖွဲ့ဝင်အင်အား ချထားခြင်းကို ထိန်းသိမ်းလုပ်ဆောင်နေပါတယ်” ဟု ကရင်မလင်သမ္မတနန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က နိုဝင်ဘာ ၃ ရက်၌ သတင်းထောက် များကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ ထိုနေ့၌ပင် အမေရိကန်အဆင့်မြင့်စစ်အရာရှိတစ်ဦးက မော်စကို၏ စစ်ရေးလှုပ်ရှားမှုသည် သိသာထင်ရှားပြီး အရေးကြီးကြောင်း သတ်မှတ်ခဲ့သည်။
“အရင်က ဒါမျိုး ကျနော်တို့ မြင်ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ရုရှားလုပ်ရပ်က အင်မတန် ရန်လိုနေတဲ့ ပုံစံမျိုး မရှိဘူးဗျ” ဟု အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များ၏အကြီး အကဲဖြစ်သူ ဗိုလ်ချုပ်ကြီးမက်မိုင်လီက ဝါရှင်တန် လုံခြုံရေးဖိုရမ်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလက ယူကရိန်းနယ်စပ်တလျှောက် ရုရှားတပ်ဖွဲ့ဝင်အင်အား တစ်သိန်းခွဲခန့် ချထားခဲ့ပြီးနောက် အမေရိကန်စစ်ဘက်နှင့်ထောက်လှမ်းရေးတို့က စိုးရိမ်ပူပန်ကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ယင်း တပ်ဖွဲ့ဝင်အင်အားသည် ခရိုင်းမီးယားဒေသကို မော်စကိုကျူးကျော်ပြီးနောက် အကြီးမားဆုံးဖြစ်ကြောင်း အမေရိကန်တို့က ပြောကြားခဲ့သည်။
ယခုအခြေအနေသည် ရုရှားနှင့် အနောက်အုပ်စုတို့အကြား တင်းမာမှု တိုးလာပုံရသည်။ ရုရှားရေတပ်သည် ထို နေရာတဝိုက်တွင် ရန်သူပစ်မှတ်များကို ဖျက်ဆီးပစ်သည့် စစ်ရေးလေ့ကျင့်နေခဲ့ပြီး ပင်လယ်နက်ဒေသတွင် အမေရိကန်နှင့်နေတိုးလှုပ်ရှားမှုများကိုလည်း ယခုသီတင်းပတ်အစောပိုင်း၌ မော်စကိုက
စောဒကတက်ခဲ့သည်။
ပြီးခဲ့သည့်လကလည်း ရုရှားသည် နေတိုးသို့ စေလွှတ်ထားသည့် ၎င်း၏သံတမန်မစ်ရှင်ကို ဆိုင်းငံ့ ထားလိုက်ခြင်း ဖြင့် ရုရှားအရာရှိ ၈ ဦးကို နေတိုးမှ နှင်ထုတ်ခံရခြင်းအား လက်တုံ့ပြန်ခဲ့သည်။
ယခုနှစ် ဇွန်လ၌ အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ ခံစစ်စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ရေး လေ့ကျင့်မှုနှင့် လက်နက်ကိရိယာများအပါအဝင် လုံခြုံရေးအသုံးစရိတ် ဒေါ်လာသန်း ၁၅၀ ပေးအပ်ခဲ့သည်။