CNI International News

ဝယ်လင်တန်၊နိုဝင်ဘာ ၆

နယူးဇီလန်အနေဖြင့် ဘေဂျင်းနှင့် ၎င်းတို့အမြတ်ရသည့် ကုန်သွယ်မှုဆက်ဆံရေးကို ကာကွယ်ဖို့ တရုတ်၏ လူ့ အခွင့်အရေးမှတ်တမ်းအပေါ် ဝေဖန်ခြင်းမှ စိုးရွံ့နေမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အာဒန်၏အစိုးရသည် တရုတ်၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မှတ်တမ်းများအပေါ် အလွယ်တကူ လုပ်ဆောင်နေသည်ဟု စွပ်စွဲခြင်းခံထားရပြီး အမေရိကန်ဦးဆောင်သော Five Eyes အမည်ရှိလုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့အတွင်း နယူးဇီလန်အနေဖြင့် အားပျော့သည့်ချိတ်ဆက်မှုရှိနေကြောင်း သဘောထား မှတ်ချက် ပေးသူအချို့က လှုံ့ဆော်ခဲ့ကြသည်။

သို့သော် ၎င်းနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဘက်ဖြစ်သော တရုတ်နှင့် စီးပွားရေးအရ ဆက်ဆံရေးကြောင့် နယူး ဇီလန်အပေါ် စိုးရိမ်ပူပန်မှုများရှိလာသည့် အကြံပြုချက်များကို နယူးဇီလန်ဝန်ကြီးချုပ်က ပယ်ချခဲ့သည်။

“ကျမတို့ သံတမန်ဆက်ဆံရေးပုံစံမှာ သိက္ခာသမာဓိစောင့်ထိန်းဖို့က အင်မတန်အရေးကြီးပါတယ်” ဟု AFP, the New Zealand Herald, NBC News, Covering Climate Now စသည့်သတင်းဌာနများနှင့် ပူးတွဲပြုလုပ်သည့် အင်တာဗျူးတွင် ဂျက်စင်ဒါအာဒန်က ပြောကြားခဲ့သည်။

ဝီဂါ (Uyghur) မွတ်ဆလင်များအပေါ် ပြုမူဆက်ဆံမှုနှင့် ဟောင်ကောင်ဒီမိုကရေစီ ပျက်ယွင်းစေမှု ကိစ္စရပ်များ အတွက် ဘေဂျင်း၏ပြတ်သားစွာ ရပ်တည်ချက်ကြောင့် တရုတ်နှင့်ဩစတြေးလျနိုင်ငံတို့အကြား တင်းမာမှု တိုးမြင့်လာခဲ့ကြောင်း အာဒန်က အဆိုပါအင်တာဗျူးတွင် မှတ်ချက်ချခဲ့သည်။

အလားတူကိစ္စရပ်များအပေါ် နယူးဇီလန်၏စိုးရိမ်မှုများကို ဝန်ကြီးချုပ်က ဆက်လက်ထုတ်ဖော် ပြောကြားခဲ့ သော်လည်း အစိုးရ၏ထုတ်ပြန်ချက်များထဲ၌ လေသံတင်းမာခြင်း၊ စီးပွားရေးအရ လက်တုံ့ပြန်ခြင်းမျိုး မရှိခဲ့ပေ။

ဝီဂါများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဟု စွပ်စွဲထားသည့် နယူးဇီလန်လွှတ်တော်၏ မေလအဆိုပြုချက်ကို ထောက်ခံရန် အာဒန်အစိုးရက ငြင်းပယ်ခဲ့ပြီး အဆိုပါအသုံးအနှုန်းကို ပြောကြားရန် တရားမဝင်သေး၍ အလွန် စိုးရိမ်စရာကောင်းကြောင်း ပြသခဲ့သည်။

တဖန် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်သော Five Eyes အဖွဲ့ကိုသုံး၍ အခွင့် အရေးဆိုင်ရာပြဿနာများဖြင့် တရုတ်ကို ဝေဖန်အပြစ်တင်ရန်လည်း နယူးဇီလန်က အဆင်မပြေကြောင်း ပြော ကြားခဲ့သည်။

သို့သော် တရုတ်နှင့် နယူးဇီလန်တို့၏ သံတမန်ဆက်ဆံရေးသည် ကုန်သွယ်ရေးဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း အာဒန်က အတိအလင်းပြောကြားခဲ့သည်။

“လူ့အခွင့်အရေးကိစ္စ၊ အလုပ်သမားကိစ္စ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေပဲဖြစ်ဖြစ် ဖော်ထုတ် ပြောကြား ဖို့အတွက် ကျမတို့မှာ ရင့်ကျက်လာပြီဖြစ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ပြီးတော့ ကုန်သွယ်ရေးအတွက် ဆက်ဆံကြ တာ ဘယ်လိုပဲလုပ်နေပါစေ …. ဒီဆက်ဆံရေး ဆက်ရှိနေဖို့ ကျမတို့အတွက် အင်မတန် အရေးကြီးပါတယ်” ဟု အာဒန်က ပြောကြားခဲ့သည်။

အဆိုပါအင်တာဗျူး၌ တရုတ်နိုင်ငံကို မဟာမိတ် (သို့မဟုတ်) ရန်သူအဖြစ် ခွဲခြားသတ်မှတ်မှာလား မေးခွန်းကို ၎င်းက “ဘယ်နိုင်ငံနဲ့မဆို ကျမတို့ ဆက်ဆံရေးဟာ ဒီလောက်အထိ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ်လို့ မထင်ပါဘူး” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

လူ့အခွင့်အရေးနှင့်ပတ်သက်၍ တရုတ်နှင့်နယူးဇီလန်တို့၏ သဘောထားကွဲလွဲမှုများသည် ပြန်လည်သင့်မြတ်ရန် ခက်ခဲလာကြောင်း ယခုနှစ်အစောပိုင်းက အာဒန် ပြောကြားခဲ့သော်လည်း ၎င်း၏အစိုးရအနေဖြင့် ဘေဂျင်းအပေါ် စိုးရိမ်စရာကဏ္ဍများ ဆက်လက်ထောက်ပြသွားဦးမည်ဟု အေအက်ဖ်ပီသတင်းတွင် ရေးသားထားသည်။