၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ဥက္ကဋ္ဌ ဦးသိန်းစိုးက PR စနစ် ပြောင်းလဲကျင့်သုံးခဲ့ပါက လူမျိုးစုငယ်များ အပါအဝင်၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့်အရေး ရရှိလာမည်ဟု နိုဝင်ဘာ ၅ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာ ၅ ရက်က နိုင်ငံရေးပါတီများနှင့် UEC တို့ကာ PR စနစ် ပြောင်းလဲ ကျင့်သုံး နိုင်ရေး ဆွေးနွေးပွဲမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက “PR စနစ်နှင့်ပတ်သက်၍ လူဦးရေ အချိုးအစားအလိုက် ညီမျှသောကိုယ်စားလှယ် အရေအတွက် ရရှိခြင်း၊ ပါတီများအနြေဖင့် ရရှိသော ဆန္ဒမဲအချိုးအစားအလိုက် ကိုယ်စားလှယ် အရေအတွက် သတ်မှတ်နိုင်ခြင်း၊ ပါတီ ငယ်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့်အရေးရရှိနိုင်မှာဖြစ်ပါတယ်” ဟု ပြော သည်။

အချိုးကျကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (PR) ကျင့်သုံးမှ အမျိုးသမီးများ အခွင့်အရေးရရှိခြင်းနှင့် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး အခန်းကဏ္ဍတွင် ပါဝင်နိုင်ခြင်းများ ရှိလာမည်မဟုတ်ဘဲ နိုင်ငံရေးမှာ ကိုယ်တိုင်ပါဝင် ပတ်သက်ရန်သာ လိုသည်ဟု ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောသည်။

ဦးတင်မောင်ဦး “အမျိုးသမီး‌တွေ နိုင်ငံရေးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင် ပတ်သက်ဖို့ဆိုတာ PR စနစ်ဖြစ်နေမှ မဟုတ်ပါဘူး။ ဘယ်စနစ်ပဲ ကျင့်သုံးကျင့်သုံး သူတို့ရဲ့ နိုင်ငံရေးအမြင်နဲ့ ရှင်းရှင်း ပြော မယ်ဆိုရင် သူတို့ရဲ့ ကိုယ်ကျိုး စွန့်လွတ်ပြီးတော့ နိုင်ငံရေး ပါဝင်ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိလို့ရှိရင် ဘယ်စနစ်ပဲ ကျင့်သုံး ကျင့်သုံး ဒါကတော့ ဖြစ်ရမှာပဲလေ။ အရေးကြီးတာက အမျိုးသမီးကိုယ်၌ ကိုယ်က နိုင်ငံရေးမှာ ပါဝင် ပတ်သက်လာဖို့ လိုပါတယ်။ စိတ်ဝင်စားလာဖို့ပဲ လိုပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC နှင့် တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက တိုင်းရင်းသားဒေများတွင် PR စနစ် ကျင့်သုံးရန် မသင့်တော်ကြောင်း ဝိုင်းဝန်း ဆွေးနွေးကြသည်ကို သိရှိရကြောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း PR စနစ်ကျင့်သုံးရန် သင့်/မသင့် လေ့လာနေဆဲဖြစ်ကာ မဲများသူ အနိုင်ရသည့်စနစ် FPTP က ပိုသင့်တော်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက PR စနစ် ကျင့်သုံးခဲ့ပါက အခြေခံ မဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာ ရရှိနိုင်၍ တစ် ပါတီကြီးစိုးသောစနစ် အားနည်းသွားစေနိုင်းကြောင်း ပြောသည်။

ပုံ-UEC နဲ့ နိုင်ငံရေးပါတီများ နို၀င်ဘာ ၅ ရက်မှ ၇ ရက်ထိ PR စနစ်ဆွေးနွေးရန်တွေ့ဆုံစဉ်။

နိုင်ငံရေးစနစ်များသည် အမျိုးသမီးနှင့် လူနည်းစုကို အခြေမပြုခြင်းနှင့် လူသားဆန်မှုကို ဗဟိုမပြုပါက မည်မျှပင် ရွေးကောက်ပွဲစနစ်ကို ပြင်ပါစေ အကြောင်းထူးမှာမဟုတ်ဘူးဟု ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက ပြောသည်။

၎င်းက“ဘယ်လောက်ပဲ စနစ်တွေကောင်းကောင်း ရွေးကောက်ပွဲကော်မရှင်တွေက မျှတခြင်း၊ လွတ်လပ်ခြင်း၊ မရှိဘူးဆိုရင် အဲတာ လည်း အလကားပဲလေ။ ပြီးခဲ့တဲ့ အန်တီတို့ သမိုင်းသင်ခန်းစာတွေ ပြန်ကြည့်လို့ရှိရင် ရွေးကောက်ပွဲကော်မရှင် တွေဟာ အစိုးရတွေရဲ့ အောက်က မလွတ်ခဲ့ဘူးပေ့ါ။ ဘယ်ကော်မရှင်ပဲ ကြည့်ကြည့် အတူတူပဲပေါ့။ အဲ‌တော့ ကော်မရှင် တွေဟာ အနည်းနဲ့ အများတော့ အစိုးရရဲ့ ဖိအားတွေ အာဏာရပါတီတွေရဲ့ ဖိအားတွေအောက်မှာ နေရတယ်ပေါ့နော်။ အဲတော့ ဒီ PR စနစ်မှာလည်း အဲလိုပဲ ဘယ်လောက်ပဲ ကောင်းတဲ့ PR စနစ်ပဲ ဖြစ်ပါစေ။ နိုင်ငံရေးစနစ်က ဒီမိုကရေစီစနစ်ကို အခြေမခံဘူးဆိုရင် နိုင်ငံရေးစနစ်က လူနည်းစုတွေကို အားမပေးဘူး၊ အမျိုးသမီးတွေကို အားမပေးဘူးဆိုရင် နိုင်ငံရေး စနစ်က မျှတခြင်းကို အခြေမပြုဘူး။ လူသားဆန်မှုကို ဗဟိုမပြုဘူးဆိုရင် ဘယ်လောက်ပဲ ရွေးကောက်ပွဲစနစ်တွေကို ပြင်ပြင် အကြောင်းထူးမှာ မဟုတ်ဘူးပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က PR စနစ်ကျင့်သုံးမည်ဆိုပါ က အချိန်တိုအတွင်း ဖော်ဆောင် ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ အဖွဲ့အစည်း အသီးသီးပါဝင်ပြီး ဆွေးနွေးရန် လိုအပ်ကြောင်း နှင့် စနစ်တစ်ခုကို လိုရာပုံသွင်းပြီး အုပ်ချုပ်မည့်ပုံစုံ မဖြစ်သင့်ကြောင်း ပြောသည်။

၎င်းက “PR စနစ်ကို ကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ လေ့လာဖို့အတွက်တော့ နည်းနည်း စိတ်ဝင်စားတယ်။ လေ့လာ ရမယ်။ ပြီးတော့ရင် ကျနော်တို့ ဖြတ်သန်းလာရတဲ့ ရွေးကောက်ပွဲတွေအရ တစ်ဖွဲ့ တစ်ပါတီက လက်ဝါးကြီးအုပ်ပြီးတော့ အများပြည်သူအပေါ်မှာ ထင်သလို ခြယ်လှယ်အုပ်ချုပ်တဲ့ စနစ်နဲ့က မဖြစ်ဘူး။ ဘယ်စနစ်နဲ့ပဲ ဖြစ်ဖြစ် အများပြည်သူ အကျိုးရှိတဲ့ စနစ်ဖြစ်စေချင်တယ်။ PR ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီပဲ ဖြစ်ဖြစ်ပေါ့။ စနစ်တစ်ခုကို လိုရာပုံသွင်းပြီး အုပ်ချုပ်မယ်ဆို လို့ကတော့ မဖြစ်ဘူး။ အဲတာကြောင့် ဒီလို ဗြုန်းကနဲ အလွယ်တကူတော့ ပြောလို့မရဘူးလေ”ဟု CNI သတင်းဌာနသို့ ပြော သည်။
PR စနစ်မှာ အများပြည်သူအတွက် အကျိုးရှိမည်ဆိုပါက သေသေချာချာ လေ့လာပြီး လက်ခံမည်ဖြစ်ကာ အကျိုးမရှိပါက လက်ခံမည်မဟုတ်ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

PR စနစ် အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်းပြီး UEC မှ နိုင်ငံရေးပါတီများနှင့် ‌နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ တွေ့ဆုံဆွေးနွေး လျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပါအဝင် နိုင်ငံရေးပါတီ ၅၃ ပါတီ တက်ရောက်ကြောင်း သိရသည်။

လက်ရှိ PR စနစ်ကျင့်သုံးသည့် နိုင်ငံများမှာ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ အိုင်ယာလန်၊ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ထိုင်း၊ဆွစ်ဇာလန် စသည့် နိုင်ငံများ ဖြစ် ကြောင်း သိရသည်။