CNI International News
ခါတွမ်း၊ နိုဝင်ဘာ ၇
ပြီးခဲ့သည့်လက စစ်အာဏာသိမ်းပြီးနောက် ဆူဒန်ဆန္ဒပြမှုများသည် နိုင်ငံတကာ ကျောထောက်နောက်ခံ ရလာခဲ့ပြီး စစ်တပ် နှင့် အာဏာခွဲဝေရေး အစီအစဉ်သို့သွားရန် ၎င်းတို့ပယ်ချခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက် (ယနေ့)မှစတင်၍ ပြည်လုံးကျွတ် သပိတ်မှောက်ပွဲကို နှစ်ရက်တိုင်တိုင် ဆက်လက်ဆင်နွှဲရန် ကြေညာလိုက်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ဆူဒန်တက်ကြွလှုပ်ရှားသူများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးဆောင်မည့် အရပ်သားအစိုးရတစ်ရပ် ထူထောင် ရန် တောင်းဆိုခဲ့ကြသည်။
စစ်တပ် ထိပ်တန်းအရာရှိများသည် လူထုအပေါ် သစ္စာမရှိဘဲ စေ့စပ်ညှိနှိုင်းရန် လိုလားနေကြကြောင်း ဆူဒန်ပြည်တွင်းရှိ ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးက စွပ်စွဲပြောကြားခဲ့သည်။
ပုံ-ဆူဒန်အာဏာသိမ်းစစ်တပ် ခေါင်းဆောင်ကိုတွေ့ရစဉ်။(AP)
ဆူဒန်စစ်တပ်သည် အောက်တိုဘာ ၂၅ ရက်က အာဏာသိမ်းခဲ့ပြီး အသွင်ကူးပြောင်းရေး အုပ်ချုပ်နေသည့်စနစ်ကို ဖျက်သိမ်း ကာ အစိုးရခေါင်းဆောင်များနှင့် နိုင်ငံရေးသမား ဆယ်ဂဏန်းနှင့်ချီ၍ ဖမ်းဆီးခဲ့သည်။ အဆိုပါ အာဏာသိမ်းမှုသည် ခါတွမ်းမြို့ တော် အပါအဝင် နိုင်ငံအနှံ့အပြား၌ ကြီးမားသောဆန္ဒပြမှုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြစ်တင် ရှုတ်ချမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဆူဒန်နိုင်ငံတွင် နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော လူထုအုံကြွမှုက အာဏာရှင် အိုမာအယ်လ်ဘာရှားနှင့် ၎င်း၏ အစ္စလာမ္မစ် အစိုးရကို ဖယ်ရှားလိုက်ပြီးနောက် နိုင်ငံအတွက် ခိုင်မာ သော အသွင်ကူးပြောင်းရေးအစီအစဉ် ရှေ့ဆက်လှမ်းနေစဉ် စစ်တပ်က ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဆူဒန်အကျပ်အတည်းမှ လွတ်မြောက်စေရန် နည်းလမ်း ရှာကြံ၍ ကြိုးပမ်းခဲ့ကြသော်လည်း အာဖရိကဦးချိုဒေသကို ထပ်မံ မတည်မငြိမ်ဖြစ်စေရေး ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာ လျက်ရှိသည်။
စစ်တပ်နှင့် အရပ်ဘက် ခေါင်းဆောင်မှုအကြား ပြေလည်မှုအသစ်ရှာသည့် ဖျန်ဖြေရေး အစပျိုးမှုများသည် နိုင်ငံ၏ အကျပ် အတည်းကို မျိုးပွားကာ ဆိုးရွားစေသည့် အယ်လ်ဘာရှားကို ဆန့်ကျင်ခဲ့ကြသည့် အုံကြွမှုအား ဦးဆောင်ခဲ့ဖူးသော ဆူဒန် ကျွမ်းကျင်ပညာရှင်များအဖွဲ့က နိုဝင်ဘာ ၅ ရက် နှောင်းပိုင်းတွင် သုံးသပ်ပြောကြားခဲ့ကြသည်။
ဆူဒန်တက်ကြွ လှုပ်ရှားသူများကတော့ အသွင်ကူးပြောင်းရေးကို ဦးဆောင်ရန် အရပ်သားအစိုးရ အပြည့်အဝ မထူထောင် မချင်း ဆက်လက် သပိတ်မှောက်မည်ဖြစ်ကြောင်း ကြွေး ကြော်ခဲ့ကြသည်။