CNI International News
ဘဂ္ဂဒက်၊ နိုဝင်ဘာ ၇
အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ကာဒီမီသည် ၎င်း၏နေအိမ်ကို ပစ်မှတ်ထား၍ လက်နက်ထည့်သွင်းထားသော မောင်း သူမဲ့ လေယာဉ်(ဒရုန်း)ဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ ဘေးမသီရန်မခဘဲ လွတ်မြောက်ခဲ့ကြောင်း အေပီသတင်းဌာန က ယနေ့ (နိုဝင်ဘာ ၇ ရက်)နံနက်ပိုင်းတွင် ရေးသားဖော်ပြသည်။
အဆိုပါ လုပ်ကြံခံရမှု ဖြစ်ပေါ်ခဲ့သော်လည်း ဝန်ကြီးချုပ်တွင် အခြားထိခိုက်ဒဏ်ရာ မဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်ဟု အေပီသတင်းဌာနမှာ ရေးသားဖော်ပြထားသည်။
ပြီးခဲ့သည့်လက အီရန်ကျောထောက် နောက်ခံပြုထားသည့် ပြည်သူ့စစ်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုကြောင့် တင်းမာမှု များရှိနေချိန် ယခုလို လုပ်ကြံ တိုက်ခိုက်ခံရခဲ့မှုများ ရှိလာသည့်အတွက် ထိုတင်းမာမှုများကို အရှိန်တက်စေခဲ့ကြောင်း အေပီက ဆက်လက်ရေးသား သည်။
ဘဂ္ဂဒက်က အခိုင်အမာ ပြုလုပ်ထားသော အစိမ်းရောင်ဇုန် (Green Zone) အတွင်း လက်နက်ပါရှိသည့် မောင်းသူမဲ့ လေယာဉ် (ဒရုန်း)ဖြင့် တိုက်ခိုက်မှုအတွင်း ဝန်ကြီးချုပ်၏ လုံခြုံ ရေးအစောင့် ၇ ဦး ဒဏ်ရာရသွားခဲ့ကြောင်း အီရတ်အစိုးရတာဝန်ရှိသူ နှစ်ဦးက အေပီသတင်းဌာနသို့ ပြောသည်။ လတ်တလော တရားဝင် သတင်းထုတ်ပြန်ရန် အခွင့်မသာသေးကြောင်း ၎င်းတို့က ဆက်ပြောသည်။
ပုံ-ဒရုန်းဖြင့် လုပ်ကြံတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေသည့်အခြေအနေကိုမြင်တွေ့ရစဉ်။(AP)
“ကျနော့်လူတွေကြားထဲမှာ ကျနော် အဆင်ပြေပြေနဲ့ပဲ ရှိနေပါတယ်။ ဒီ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်နေမိပါတယ်” ဟု ဝန်ကြီးချုပ် အယ်လ်ကာဒီမီက တိုက်ခိုက်ခံရပြီး မရှေး မနှောင်းမှာပင် တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။
ထိုနောက်ပိုင်းတွင် ၎င်းသည် အဖြူရောင် ရှပ်အင်္ကျီဝတ်ဆင်ထားလျက် စားပွဲအနောက်တွင် တည်ငြိမ်အေးဆေးသည့် အသွင် အပြင်ဖြင့် ထိုင်နေပုံကို အီရတ်နိုင်ငံပိုင်ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားခဲ့သည်။
“သူရဲဘောကြောင်တဲ့ ဒုံးပျံနဲ့၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေဟာ ကျနော်တို့ဇာတိမြေကို မတည်ဆောက်သလို အနာဂတ်ကို လည်း မတည်ဆောက်ပါဘူး” ဟု အယ်လ်ကာဒီမီက ပြောကြားခဲ့သည်။
ပေါက်ကွဲစေနိုင်သော ဒရုန်းတစ်စင်းသည် အယ်လ်ကာဒီမီ၏ နေအိမ်သို့ တိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း အီရတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
ဘဂ္ဂဒက်မြို့ခံများသည် ပေါက်ကွဲသံများ ကြားရချိန်၌ နိုင်ငံခြားသံရုံးများနှင့် အစိုးရရုံးမှာ တည်ရှိရာ အစိမ်းရောင်ဇုန်ထံမှ လာသော ပြင်းထန်စွာ တိုက်ခိုက်သံများဖြစ်ကြောင်း လေ့လာသိရှိခဲ့ရသည်။
အီရတ်နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သောကြေညာချက်တွင် “၎င်းတို့လုံခြုံရေးတပ်ဖွဲ့များသည် ယခုမအောင်မြင်သော လုပ်ကြံ သတ်ဖြတ်မှုအတွက် လိုအပ်သော အစီအမံများ လုပ် ဆောင်နေကြောင်း” ဖော်ပြခဲ့သည်။