ဖရီးတောင်း၊ နိုဝင်ဘာ ၇
အာဖရိကတိုက် အနောက်ခြမ်းရှိ ဆီရာလီယွန်နိုင်ငံ၏ မြို့တော်အနီးတွင် ဆီတင်မော်တော်ယာဉ်တစ်စီး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၉၈ ဦးသေဆုံးကြောင်း အေပီသတင်းဌာန၌ ဖော်ပြထားသည်။
အဆိုပါယာဉ်မှ ယိုစိမ့်လာသော လောင်စာဆီများ စုဆောင်းရန် လူစုလူဝေးဖြင့် ပြေးလာကြသူ ဆယ်ဂဏန်းထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ကြောင်း တာဝန်ရှိသူများနှင့်မျက်မြင် သက်သေများက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
ဖရီးတောင်းမြို့တော်အရှေ့ဘက် ဝယ်လင်တန်ဒေသရှိ လူစည်ကားရာလမ်းဆုံ တစ်ခုအနီးတွင် ဆီတင်ယာဉ် တစ်စီးသည် အခြားကုန်တင်ကားတစ်စီးနှင့် တိုက်မိရာမှ နိုဝင်ဘာ ၅ ရက် ညနေပိုင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဆီရာလီယွန် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက အတည်ပြုပြောကြားခဲ့သည်။
“ယာဉ်မောင်းနှစ်ဦးဟာ ယာဉ်တိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ ဆီယိုစိမ့်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင်း အခင်း ဖြစ်ပွားရာ နေရာနဲ့ ခပ်ဝေးဝေးမှာ နေကြဖို့ အဲဒီနားက ရပ်ကွက်ထဲကလူတွေကို သတိပေးခဲ့ပါသေးတယ်” ဟု ၎င်းဌာနက ဆက်လက် ပြောကြားခဲ့သည်။
သို့သော် ယင်းသို့ သတိပေးသည့်ကြားမှ ဆင်းရဲနွမ်းပါးလှသောနိုင်ငံတွင် ကျပ်တည်းစွာ နေထိုင်ရသည့် လူအုပ်ကြီးသည် လောင်စာဆီများကို ကောက်သိမ်းရန် အလုအယက် ပြေးဝင်ကြကြောင်း မျက်မြင်သက်သေများက ပြောသည်။
ပုံ- ဆီရာလီယွန်နိုင်ငံ၏ မြို့တော်အနီးမှာ ဆီတင်ယာဉ်ပေါက်ကွဲ။(AP)
“ကားထဲက ယိုလာတဲ့ လောင်စာဆီတွေ ဘာကြောင့် မီးထလောင်တယ်ဆိုတာ ချက်ချင်းမသိရသေးခင်မှာပဲ ပေါက်ကွဲမှု စဖြစ် တော့တာပဲ” ဟု ၎င်းတို့က ပြောသည်။
အေပီသတင်းဌာနမှ ရရှိသော ဗီဒီယိုဖိုင်ထဲတွင် ညဘက်ကောင်းကင်ယံ၌ မီးတောက်ကြီးတစ်ခု အရှိန်ကောင်းကောင်းဖြင့် တောက်လောင်နေပုံကို မြင်တွေ့ရပြီး မီးလောင်ဒဏ်ရာရသူ အချို့ထံမှ နာကျင်စွာ အော်ဟစ်နေသံများ ကြားခဲ့ရသည်။
မီးလောင်သေဆုံးခဲ့သူများ၏ အလောင်းများမှာ အခင်းဖြစ်ပွားရာ နေရာတွင် ပြန့်ကျဲနေပြီး အအေးတိုက်သို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
ဒဏ်ရာရသူ ၁၀၀ နီးပါးခန့်ကို နီးစပ်ရာဆေးရုံသို့ တင်ပို့ထားရကြောင်း၊ မီးလောင်ခံရသူ အယောက် ၃၀ ခန့်မှာ အသက်ရှင် သန်ရန် မျှော်လင့်ချက်နည်းနေကြောင်း အထူးကြပ်မတ်ကုသဆောင်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဖိုဒေးမူဆာက ပြောသည်။
ဆေးရုံအာဏာပိုင်များက ဒဏ်ရာရသူများကို အရေးပေါ် ညတွင်းချင်းကုသနိုင်ရန် တတ်နိုင်သမျှ ဆရာဝန်များနှင့် သူနာပြု များကို ခေါ်ယူတာဝန်ပေးခဲ့သည်။
ဆီရာလီယွန် ဒုတိယသမ္မတ မိုဟာမက်ဂျူဒက်ဂျယ်လို့သည် ဆေးရုံနှစ်ရုံသို့ ညတွင်းချင်း သွားရောက်ကြည့်ရှုခဲ့ပြီး အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများကို အရေးပေါ်အခြေအနေ၌ မမောမပန်းစတမ်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း တိုက်တွန်းပြီး အားပေးစကားပြောကြားခဲ့သည်။
“ဒီနိုင်ငံမှာ ဒီလိုအဖြစ်ဆိုးမျိုးကြုံရတာ ကျနော်တို့အားလုံး အထူးတလည် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံအတွက် တကယ့်ကို အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အချိန်ပါ” ဟု ဒုတိယသမ္မတက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားလွှင့်တင်ခဲ့သည်။